Wednesday 27 May 2015

အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅ သက်ဆိုးရှည်နေဦးမှာလား

ခေတ်အဆက်ဆက်အစိုးရကို အတိုက်အခံအဖြစ်ရပ်တည်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအင်အားစုများကို အုပ်ချုပ်ရေးအဖွဲ့က အချိန်မရွေးဖမ်းဆီးထောင်ချနိုင်ခဲ့သည့် ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေ ပယ်ဖျက်ရေးဆွေးနွေးမှုမှာ အစိုးရသစ်လက်ထက် လွှတ်တော်အစည်းအဝေးများတွင် နှစ်ကြိမ်တိုင်တိုင် အလဲအကွဲရှုံးနိမ့်သွားပြီဖြစ်သည်။

နိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံ့အရေးဆောင်ရွက်နေသူများကို အုပ်ချုပ်ရေးအဖွဲ့က အချိန်မရွေး ဖမ်းဆီးချုပ်နှောင်ခြင်း၊ တရားစွဲဆိုထောင်ချခြင်းပြုလုပ်နိုင်သည့် ၁၉၅၀ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေ(The Emergency Act) ကိုရုပ်သိမ်းရေးဥပဒေကြမ်းတင်သွင်းမှုမှာ မေလ၂၀ရက်က  ပြည်သူ့လွှတ်တော်တွင် ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၂၆၅ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အဆိုတင်သွင်းစဉ်ကလည်း ထောက်ခံမဲရှစ်မဲသာရရှိခဲ့ပြီး ရှုံးနိမ့်ခဲ့ဖူးသည်။

ပုဒ်မ၅(ည)ဟု လူသိများသော အထူးသဖြင့် နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူ အများစုထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းခံခဲ့ရသော အဆိုပါပုဒ်မမှာ အင်္ဂလိပ်ထက်ထက်ကတည်းက နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားသူများကို ထိန်းချုပ်ကန့်သတ်ရန် ထုတ်ပြန်ခဲ့သည့်ဥပဒေဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက် ၁၉၅၀ ပြည့်နှစ်တစ်ဝိုက် မြို့ပေါ်တွင် အမှုထမ်းပေါင်းစုံ သပိတ်များ၊ ရောင်စုံသူပုန်များနှင့် အစိုးရတပ်တို့၏ တိုက်ပွဲများရှိခဲ့ပြီး ထိုအချိန်က အစိုးရ၏ အာဏာစက်မှာ ရန်ကုန်ကွက်ကွက်လေးတွင်သာ ရှိတော့၍ ရန်ကုန်အစိုးရဟုပင် အမည်တွင်ခဲ့ချိန်၌ ထိုစဉ်က နိုင်ငံတော်ဒုတိယ၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းက ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေကို ပြင်ဆင်ဖြည့်စွက်၍ ပြန်လည်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးမငြိမ်မသက်ဖြစ်နေသည့် ထိုအချိန်က အဆိုပါဥပဒေ လိုအပ်ကောင်းလိုအပ်မည် ဖြစ်သော်လည်း ဒီမိုကရေစီအစိုးရ လက်ထက်ဟုပြောနေသည့် ယခုအစိုးရလက်ထက်တွင်မူ ထိုဥပဒေဖျက်သိမ်းရေးအဆိုမှာ လွှတ်တော်တွင် မအောင်မြင်ရခြင်းကို နားမလည်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောကြားသည်။

‘‘အခု မြန်မာတစ်နိုင်ငံလုံးမှာ လောက်ကိုင်ကလွဲလို့ ကျန်တဲ့နေရာကို အရေးပေါ်အခြေအနေကြေညာထားတာမရှိဘူး။ ဒီဥပဒေက အုပ်စိုးသူက ဖိနှိပ်ရေးယန္တရားအနေနဲ့ ပြဋ္ဌာန်းခဲ့တာ။ ကျန်တာ ဘာမှအသုံးမ၀င်ဘူး။ ပြတိုက်ပို့ဖြစ်ဖို့ပဲ ကောင်းတယ်။ ဒီနိုင်ငံမှာ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေအများစုဟာ ဒီပုဒ်မနဲ့ပဲ ထောင်ဒဏ်နှစ်ရှည်ချခံရတယ်။ မတ်လ ၅ ရက် ၁၉၈၈ခုနှစ်မှာ ထုတ်ခဲ့တဲ့ စစ်ထောက်လှမ်းရေးရဲ့ ညွှန်ကြားချက်အရ ပုဒ်မ၅(ည)ဆို ထောင်ထဲမှာ လျှော့ရက်တောင်မရဘူး။ အဲဒါအခုထိ အဲဒီညွှန်ကြားချက်က ကျွန်တော်တို့ ၂၀၁၀ ထောင်က ထွက်လာတဲ့အထိ ရှိနေတယ်’’ဟု ဦးရောဘတ်စန်းအောင်ကပြောကြားသည်။

ပုဒ်မ ၅(ည)သည် အမြင့်ဆုံး ထောင်ခုနစ်နှစ်အထိ ချမှတ်ခံရနိုင်ပြီး ပုဒ်မ ၅ပါ ဥပဒေပြဋ္ဌာန်းချက် ရှစ်ခုတို့တွင် သေဒဏ်နှင့်တစ်သက်တစ်ကျွန်းပြစ်ဒဏ်များပင် ချမှတ်နိုင်သည့်ပုဒ်မများ ပါဝင်နေသည်။ လက်ရှိအစိုးရလက်ထက်တွင် ထိုပုဒ်မဖြင့် ဘိုင်မွန်းတည့်နေဂျာနယ်အယ်ဒီတာအဖွဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းမှသာ တရားစွဲအဖွဲ့က အစိုးရအကြည်ညိုပျက်စေရန် လှုံ့ဆော်မှုပုဒ်မ ၅၀၅(ခ)ကို ပြောင်းလဲခဲ့သည်။

‘‘ဒီဥပဒေက လာခြင်းကောင်းတဲ့ဥပဒေမဟုတ်ခဲ့ဘူး။ ဖဆပလခေတ်မှာ အတိုက်အခံနိုင်ငံရေးသမားတွေကို နှိမ်နင်းဖို့ပြဋ္ဌာန်းခဲ့တာ။ အဲဒီခေတ်ကတည်းက ၁၉၄၇ ဖွဲ့စည်းအခြေခံဥပဒေကို ကျော်လွန်နေတယ်။ နိုင်ငံသားတစ်ဦးကို ၂၄ နာရီထက် ကျော်လွန်ပြီး မချုပ်နှောင်ရလို့ ဖွဲ့စည်းပုံမှာပါတယ်။ ဒါပေမဲ့ ၅(ည)နဲ့ဆို ၂၄ နာရီကျော် ချုပ်လည်းရတယ်။ အခု ၂၀၀၈မှာလည်း ဒီအချက်ပါတာပဲ။ ဒါပေမဲ့ ၅(ည)နဲ့ ချုပ်နေ ဖမ်းနေတာပဲ။ ဒါကြောင့် နိုင်ငံရေးစကားနဲ့ ပြောရရင် ဒါဖောက်ပြန်တဲ့ဥပဒေပဲ’’ဟု ပုဒ်မ ၅(ည)ဖြင့် ခုနစ်နှစ်တစ်ကြိမ်၊ ၁၄ နှစ် တစ်ကြိမ် နှစ်ကြိမ်ထောင်ချခြင်းခံရသည့် တရားလွှတ်တော် ရှေ့နေဦးသိန်းသန်းဦးက ပြောကြားသည်။

၂၀၁၃ နောက်ပိုင်းမှစ၍ အတိုက်အခံနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ပုဒ်မ ၅ ဖြင့် တရားစွဲဖမ်းဆီးမှု မရှိတော့သော်လည်း ရာဇသတ်ကြီးဥပဒေများဖြစ်သည့် ဆူပူလှုံ့ဆော်မှုပုဒ်မ ၅၀၅(ခ)၊ ငြိမ်းစုစီပုဒ်မ ၁၈ တို့ဖြင့် ဖမ်းဆီးထောင်ချမှုများ ရှိလာကြောင်း နိုင်ငံရေးအင်အားစုများက ပြောသည်။

လူထုလှုပ်ရှားမှုများဖြစ်ပွားပါက ဆူပူလှုံ့ဆော်ရန်ကြံစည်မှုပုဒ်မ ၅၀၅(ခ)၊ အစိုးရကိုဝေဖန်ပါက အသရေဖျက်မှုပုဒ်မ ၅၀၅၊ သူပုန်နှင့်ဆက်သွယ်ပါက ပုဒ်မ ၁၇(၁)၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်ပါက ပုဒ်မ ၁၂၂၊ ပုန်ကုန်မှုကို သတင်းမပေးဘဲ ထိမ်ချန်ပါက ပုဒ် မ ၁၂၄ စသည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် လုံလောက်သော  ရာဇ၀တ်ကြောင်းဆိုင်ရာ ရာဇသတ်ကြီးဥပဒေများရှိပါလျက်နှင့် နိုင်ငံသားတစ်ယောက်ကို ၂၄ နာရီထက် ကျော်လွန် ဖမ်းချုပ်ထားနိုင်ပြီး ထောင်အမြင့်ဆုံးခုနစ်နှစ်အထိ ချနိုင်သောပုဒ်မ ၅ကို ဆက်လက်ထားရှိရန် မလိုအပ်တော့ကြောင်း ဥပဒေပညာရှင်များက ထောက်ပြပြောကြားသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်ချက်များမှာ မလိုအပ်သည့်အချက်တစ်ခုမှ မရှိကြောင်းနှင့် အရေးယူမခံလိုပါက ဥပဒေနှင့်အညီနေထိုင်ရန်သာရှိကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံသားများမူလအခွင့်အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီအတွင်းရေးမှူး ဦးတင်မောင်ဝင်းက ပြောကြားသည်။

‘‘အခုဆို ကိုးကန့်တို့ ဘာတို့ရှိလာပြီလေ။ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ရင် အရေးပေါ်ဥပဒေဆိုတာ လိုတာပဲ။ တခြားပုဒ်မ ၅၀၅(ခ)တို့ ပုဒ်မ ၁၂၂တို့၊ ၁၂၄ တို့က ရာဇသတ်ကြီးပဲလေ။ ရာဇ၀တ်ကြောင်းအရ လုပ်ပေါ့။ ဒါကကျတော့ သမ္မတက ကိုယ်တိုင်ကိုင်သုံးနေတာပဲ။ နိုင်ငံတော်အတွက် လုပ်တာမလိုဘူးဆိုတာမရှိဘူး။ ဒီဥပဒေနဲ့ ရိုးရိုးသားသားအေးအေးချမ်းချမ်းနေတဲ့သူတွေကို လိုက်မဖမ်းဘူး’’ဟု ၎င်းကဆိုသည်။

ပါလီမန်ဒီမိုကရေစီခေတ်က  ပြည်ထောင်စုကြီး ရောင်စုံသူပုန်များလက်၌ မပြိုပျက်ရေး၊ ပါလီမန်စနစ် ရေစုန်မမျောရေးအတွက်ဟုဆိုကာ  ဖဆပလကြားဖြတ်အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းက ကွန်မြူနစ်ပါတီ၏ လယ်သမားထွန်တုံးတိုက်ပွဲ၊ အလုပ်သမားသပိတ်တိုက်ပွဲ၊ ဆန်လုပွဲ စသော တိုက်ပွဲများကို ပြည်သူငြိမ်ဝပ်ပိပြားမှုထိန်းသိမ်းရေးအက်ဥပဒေပုဒ်မ ၅ ဖြင့် ဖြိုဖျက်သည်။ ပုဒ်မ ၅ နှင့် ဖမ်းစရာရှိလျှင် ရာဇ၀တ်အုပ်အထိ အာဏာပေးပြီး လွှတ်စရာရှိလျှင်ကား ၀န်ကြီးကိုယ်တိုင်ဖိုင်တွဲကိုင် စစ်ဆေးပြီးမှ လွှတ်လေသည်ဟု စာရေးဆရာနိုင်ငံရေးသမားဘုတလင်အမတ် ဦးသိန်းဖေမြင့်ရေးသည့်  ‘ကျော်ငြိမ်း’စာအုပ်တွင် ဖော်ပြထားသည်။

ယခု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကလည်း အရေးပေါ်စီမံမှုအက်ဥပဒေမှာ နိုင်ငံတော်လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေး၊တရားစီရင်ရေး၊ နိုင်ငံတော်စီးပွားရေး၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်စက်ကိရိယာ၊ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူလူထု၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ပြီး ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ နိုင်ငံရေးလုပ်ဆောင်နေသော အင်အားစုများအတွက် အကာအကွယ်ရရှိခြင်းတို့ကိုလည်း ထိခိုက်ခြင်းမရှိကြောင်းနှင့် ဒီမိုကရေစီရှင်သန်ခိုင်မာရေးသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဆက်စပ်နေသောကြောင့် ဥပဒေကိုရုပ်သိမ်းသည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် မသင့်ပါကြောင်း လွှတ်တော်တွင် ကန့်ကွက်ပြောကြားသည်။

‘‘ဒီပုဒ်မမရှိတာနဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်တယ်ဆိုတာ မဆိုင်ဘူး။ ဒီပုဒ်မ မရှိလည်း အခုဆန္ဒပြတာပဲဖြစ်ဖြစ် လူထုလှုပ်ရှားမှုတွေကို ပုဒ်မ ၅၀၅ (ခ) ဆူပူလှုံ့ဆော်မှုနဲ့ ဖမ်းနေတာပဲ။ အဓိကက ၅၀၅(ခ)ဆို ၂နှစ်ပဲ ချလို့ရတော့ နည်းတယ်။ သူတို့ မကျေနပ်ဘူး။ ပုဒ်မ ၅(ည)က ခုနစ်နှစ်အထိ ချလို့ရလို့ မဖျက်သိမ်းချင်ကြတာပဲ’’ဟု ဦးသိန်းသန်းဦးက ပြောသည်။

အရေးပေါ် စီမံမှုအက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပုဒ်မများက အုပ်ချုပ်ရေးအဖွဲ့အစည်းကို အာဏာအလွန်အကျွံပေးထားသည့် ပုဒ်မတွေချည်း ဖြစ်နေကြောင်းနှင့် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ၎င်းကိုယ်တိုင် ပုဒ်မ ၅(ည)ဖြင့် ထောင်ခုနစ်နှစ်ကျခဲ့ပြီး ထောင်အတွင်းပုဒ်မ ၅(ဂ) ဖြင့် ထောင်ခုနစ်နှစ်၊ ပုဒ်မ ၅(ဃ) ဖြင့် ထောင်ခုနစ်နှစ် ထပ်မံချမှတ်ခံခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

ထိုဥပဒေကို ရုပ်သိမ်းလိုက်ပါက အကွပ်မရှိသည့်ကြမ်း ပရမ်းပတာဆိုသကဲ့သို့ တိုင်းပြည်တွင် မင်းမဲ့စရိုက်နှင့် ဆူပူသောင်းကျန်းမှုများ များစွာထွက်ပေါ်လာမည်ဟု ယူဆရပြီး လူတချို့ဖမ်းဆီးခံအရေးယူခံရ၍ ဥပဒေဖျက်သိမ်းမည်ဆိုပါက ကျန်သည့်ပြည်သူသန်းငါးဆယ်ကျော်၏ တည်ငြိမ်အေးချမ်းရေးကို လျစ်လျူရှုရာရောက်ကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်က လွှတ်တော်တွင် ကန့်ကွက်ပြောကြားခဲ့သည်။

တိုင်းပြည်ချစ်စိတ်ဖြင့် လှုပ်ရှားမည့်သူများကိုထိန်းချုပ်ရန် အင်္ဂလိပ်လက်ထက်ကတည်းက ရှိခဲ့သည့် ဥပဒေဖြစ်ပြီး ပြည်သူတွေ ရွေးချယ်ထားသည့် ကိုယ်စားလှယ်ဆိုသူအများစုက ပြင်ဆင်လိုစိတ်မရှိခြင်းမှာ လွှတ်တော်၏ အသိဉာဏ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာနေသည်ဟု စာနယ်ဇင်းကောင်စီယာယီအဖွဲ့ဝင် ဦးဇော်သက်ထွေးကပြောသည်။

‘‘တိုင်းပြည်မှာ ၁၇(၁)၊ ပုဒ်မ ၁၈၊ ၅၀၅(ခ)တို့ရှိနေခြင်းက လိုရင်လိုသလို အသုံးချမယ်လို့ နားလည်ထားတယ်။ အီလက်ထရွန်နစ်ဥပဒေမှာတောင် ထောင် ၁၅ နှစ်ကနေ ထောင်ခုနစ်နှစ်လို့ လျှော့ပေးလိုက်ပေမယ့် အနည်းဆုံးအီးမေးလ်တစ်စောင်သုံးရင်တောင် ထောင်ခုနစ်နှစ်တော့ ချလို့ရနေတာပဲ။ ဒီလို လိုသလိုသုံးတဲ့ဥပဒေတွေရှိနေတာကို အသိဉာဏ်ကြွယ်တဲ့ လွှတ်တော်ကစဉ်းစားတွေးခေါ်ရမှာ’’ဟု စာနယ်ဇင်းကောင်စီဝင် ဦးဇော်သက်ထွေးကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာပြီး တရားမျှတမည်ဟု ကတိပေးထားရာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် ထိုအချက်ကို ပြည်သူများက အသုံးချပြီး မိမိအကျိုးစီးပွားနှင့် တိုင်းပြည်အကျိုးစီးပွားအတွက် မည်သူ့မျက်နှာမှမထောက်ဘဲ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ပေးသည့် နည်းလမ်းဖြင့်သာ ဥပဒေပြုပြင်ရေးအပါအ၀င် တိုင်းပြည်အနာဂတ်ကို အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ဆက်လက်ပြောကြားသည်။

‘‘ပြည်သူကို အစစ်အမှန် ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ် မဖြစ်သရွေ့၊ လွှတ်တော်ထဲကိုပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေ မရောက်သေးသရွေ့ ဒီပုဒ်မကို ပြင်လို့ရမှာမဟုတ်ဘူး’’ဟု ဦးသိန်းသန်းဦးကပြောသည်။
အေးသူစံ
7 day

No comments:

Post a Comment