Wednesday 8 April 2015

Houthi သူပုန် ချေမှုန်းဖို့ ကန်က စစ်လက်နက် ပို့ပေးနေ

ရီမန်နိုင်ငံက Houthi သူပုန်တွေကို နှိမ်နင်းဖို့အတွက် အမေရိကန်က ဆော်ဒီအာရေးဘီးယားက ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်အတွက် စစ်လက်နက်တွေ အရှိန်တိုး ပို့ပေးနေတယ်လို့ အမေရိကန် သံတမန် တစ်ဦးက ပြောပါတယ်။

အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့အဆိုအရ ရီမန်နိုင်ငံက သူပုန်တွေကို နှိမ်နင်းနေတဲ့ အဖွဲ့တွေကို အမေရိကန်က လက်နက်တွေ ပို့ဆောင်ပေးနေသလို သတင်းဖလှယ်တာတွေလည်း လုပ်နေပြီး ပူးပေါင်းမှုတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ဆော်ဒီအာရေးဘီးယားနဲ့ တခြား ဒေသတွင်းက နိုင်ငံတွေ ပူးပေါင်းပြီး ရီမန်နိုင်ငံက သူပုန်တွေကို ဝေဟင် ကနေ တိုက်ခိုက်နေတာကို အီရန်က ကန့်ကွက်လိုက်ပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေဟာ ရီမန်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် သလို ဖြစ်နေတယ်လို့ အီရန်နိုင်ငံ က ဘာသာရေး အကြီးအကဲ Ayatollah Ali Khamenei က ပြောပါတယ်။

ရီမန် နိုင်ငံက Houthi သူပုန်ရဲ့ လက်ချက်ကြောင့် ရီမန် သမ္မတက ဆော်ဒီနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

Houthi သူပုန်တွေက ရီမန် သမ္မတဟောင်း Ali Abdullah Saleh ကို ထောက်ခံသူတွေ ဖြစ်ပြီး အီရန်က ကျောထောက်နောက်ခံ ပြုထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

သူပုန်တပ်ဖွဲ့က လက်ရှိ သမ္မတကို ထောက်ခံသူများတဲ့ Aden မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာကို ညွန့်ပေါင်း တပ်တွေက ဝေဟင်ကနေ ကူညီ တိုက်ခိုက်ပေးတဲ့အတွက် လက်ရှိ သမ္မတရဲ့ တပ်တွေက တချို့နေရာကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီလို တိုက်ခိုက်မှုတွေကြောင့် အခုဆိုရင် လူပေါင်း ၅၅၀ နီးပါးသေဆုံးခဲ့ရပြီး ထောင်နဲ့ချီ စစ်ပြေး ဒုက္ခသည် ဖြစ်နေရပါတယ်။ Aden မြို့မှာဆိုရင် သောက်ရေတွေ ပြတ်နေတာ တပါတ် ကျော်သွားပြီး ဆေးရုံတွေမှာလည်း ကုသရေးမှာ လိုအပ်တဲ့ ပစ္စည်း အလုံအလောက် မရှိတော့တာတွေ အပြင် အစားအသောက် ရှားပါးမှုတွေ ကြုံနေရပြီလို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ ကြက်ခြေနီအသင်းနဲ့ ကုလသမဂ္ဂကလည်း ကျန်းမာရေးနဲ့ သန့်စင်ရေးသုံး ပစ္စည်းတွေကို ပို့ဖို့ စီစဉ်နေပေမယ့် ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ပစ္စည်းတွေကို စစ်ဆေးနေသေးတဲ့အတွက် နှောင့်နှေးမှုတွေ ဖြစ်နေရပါတယ်။

Houthi သူပုန်တွေကို ဝိုင်းပြီး တိုက်ခိုက်ဖို့ ဆော်ဒီအာရေးဘီးယားက ပါကစ္စတန်ကို တိုက်တွန်းထားပေမယ့် ပါကစ္စတန်ကတော့ သံတမန်နည်း လမ်းအရ ဖြေရှင်းမှုကို ပိုလိုလားနေတယ်လို့ တုန့်ပြန်လိုက်ပါတယ်။
ဆော်ဒီဟာ ပါကစ္စတန်ရဲ့ အဓိက မဟာမိတ် ဖြစ်ပါတယ်။ ပါကစ္စတန်ကတော့ မကြာခင်မှာ အီရန်၊ တူရကီနဲ့ ပါကစ္စတန်အကြား ဆွေးနွေးမှုတွေ လုပ်မှာဆိုတော့ သံတမန် နည်းလမ်းအရ အဖြေတွေ ထွက်ရှိနိုင်တယ် လို့ ပြောလိုက်ပါတယ်။

အခုလောလောဆယ် ရီမန်နိုင်ငံက ဒုက္ခသည်တွေ ပါကစ္စတန်နိုင်ငံထဲ ထွက်ပြေးလာတာမျိုး ရှိနေတယ်လို့ လည်း သိရပါတယ်။ 

ABC

No comments:

Post a Comment