Wednesday 8 April 2015

ရန်ကုန် ၄၅ မြို့နယ် အခြေခံ မဲဆန္ဒရှင်စာရင်း ကောက်ယူမှု အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိ


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လကုန်နှင့် နိုဝင်ဘာလဆန်းတွင် လွတ်လပ်၍ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပြီး ရန်ကုန် တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်ရှင်အဖွဲ့ခွဲမှလည်း အခြေခံမဲဆန္ဒရှင်စာရင်းများကို အဆင့်သုံးဆင့်ခွဲ၍ ကောက်ယူနေကြောင်း သိရသည်။
အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုနှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
မေး ။ ။ ရန်ကုန် တိုင်းဒေသကြီး အတွင်း ၁ဝ မြို့နယ်မှာ အခြေခံမဲဆန္ဒရှင် စာရင်းကောက်ယူထားတာသိရပါတယ်။ ကျန်တဲ့ မြို့နယ်တွေကိုလည်း ဘယ်လို ကောက်ယူသွားမလဲ ဆိုတာ သိပါရစေ။
ဖြေ။ ။ အခုလောလောဆယ် ရန်ကုန် တိုင်းဒေသကြီး ၄၅ မြို့နယ်အတွက် အခြေခံမဲဆန္ဒနယ်စာရင်းဆိုတာ ပြုစုနေပါတယ်။ ရွေးကောက်ပွဲ မကြေညာသေးခင်မှာ ရွေးကောက်ပွဲကို အထောက်အကူပြုဖို့ အတွက်၊ အခြေခံယူဖို့အတွက် မဲဆန္ဒရှင်စာရင်းကို ပြုစုတာပါ။ ရန်ကုန် တိုင်းဒေသကြီးမှာ ၄၅ မြို့နယ်ရှိတယ်။ကျွန်တော်တို့က အဆင့်သုံးဆင့် ခွဲထားပါတယ်။ အဆင့် (၁)မှာ ၁ဝ မြို့နယ် ရွေးလိုက်တယ်။ ဘာကိုဦးတည်ပြီးရွေးသလဲဆိုတော့ လူဦးရေအနည်းဆုံး ၁ဝ မြို့နယ်ကို စရွေးလိုက်တယ်။ အဲဒီ ၁ဝ မြို့နယ်က နိုဝင်ဘာ လဆန်းလောက်က စပြီးတော့ မဲဆန္ဒရှင်စာရင်းတွေကို ပြုစုတယ်။ ပြုစုပြီးတော့ တွေ့ရှိတဲ့ အချက်အလက်တွေကို ကွန်ပျူတာထဲ တည့်ပြီး စာရင်းပြုစုတယ်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်မှာ ပြီးပါတယ်။ မတ်လကုန်မှာ မဲဆန္ဒရှင်တွေရဲ့စာရင်းတွေကို သက်ဆိုင်ရာ ကော်မရှင်ရုံးတွေမှာကပ်ပြီး ကြေညာထားပါတယ်။ မတ် ၃ဝ ရက်ကနေ ဧပြီ ၁၂ ရက်အထိ နှစ်ပတ်တိတိ ကပ်ထားမှာပါ။ ကပ်ထားတဲ့ အခါမှာ မဲဆန္ဒရှင်တွေက လာကြည့်မယ်။ သူတို့နာမည်မပါရင် ပုံစံ ၃ နဲ့ လျှောက်မယ်။ အတွဲအချက်အလက်တွေ မမှန်ကန်ဘူးဆိုရင် ပုံစံ ၄ (ဂ)နဲ့ ပြင်ဆင်ပေးဖို့ လျှောက်မယ်။ မပါသင့်တဲ့သူ မဲစာရင်းမှာပါနေရင် ပုံစံ ၄ နဲ့ ကန့်ကွက်မယ်။ အဲဒါတွေအားလုံး ကျွန်တော်တို့ ဆွေးနွေးပြီးတဲ့အခါ ၂၃ ရက်ကစပြီးတော့ ၃ဝ ရက်အထိ မဲစာရင်း ပြင်ဆင်စရာရှိရင် ပြင်ဆင်ပေးမယ်။ ထည့်ပေးစရာရှိရင် ထည့်ပေးမှာပါ။ အဲဒီလုပ်ငန်းစဉ်တွေ ဆက်လုပ် သွားမှာပါ။ ပြီးမှ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းက ပြီးမှာပါ။ အဆင့် (၂)မှာတော့ ၁၄ မြို့နယ် ရွေးထားပါတယ်။ ဘာကိုအခြေခံရွေးလဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီးထဲက လူဦးရေအများဆုံးမြို့နယ်တွေကို ရွေးလိုက်တယ်။ အရင် ၁ဝ မြို့နယ်မှာလိုပဲ မဲဆန္ဒရှင်စာရင်းကိုပြုစုမယ်။ ကွန်ပျူတာထဲထည့်မယ်။ အခုလုပ်နေပါတယ်။ အကုန်မပြီးသေးပါဘူး။ ၁၄ မြို့နယ်မှာ တစ်ဝက် ကျော်ကျော်လောက်က ပြီးနေပါပြီ။ နည်းနည်းပဲကျန်တော့တယ်။ ဧပြီလကုန်ရင် ဒုတိယအသုတ် ပြီးသွားမယ်လို့ မျှော်မှန်းထားပါတယ်။ ဒုတိယအဆင့်ပြီးသွားရင် ၁ဝ မြို့နယ်ကလိုပဲ မဲဆန္ဒရှင်စာရင်းကို ကပ်ထားမယ်။ ကြေညာမယ်။
၁ဝ မြို့နယ်ပြီးပြီ။ ၁၄ မြို့နယ်ပြီးပြီ။ နောက်ဆုံး ၂၁ မြို့နယ်ကျန်တယ်။ အဲဒါက တတိယအဆင့်အနေနဲ့ ဆောင်ရွက်သွားမယ်။ တတိယအဆင့်က မတ် ၂၃ ရက်ကစပါတယ်။ ဇွန်လအကုန်မှာ ပြီးမယ်လို့ မှန်းပါတယ်။ ဒီမြို့နယ် တွေကတော့ လူဦးရေ ပထမအဆင့် လောက်လည်း မနည်းဘူး။ ဒုတိယအဆင့် ၁၄ မြို့နယ်လောက်လည်း မများဘူး။ အလယ်အလတ်ရှိတဲ့ မြို့နယ်တွေ။ အဲဒါတွေက တတိယအဆင့်မှာပါပါတယ်။ အခြေခံ မဲဆန္ဒရှင်စာရင်းကို အဲဒီလို အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်နေပါတယ်။ အခုကတော့ အဆင့်(၁) ကပ်ထားတဲ့ အချိန်ရောက်နေပါပြီ။
မေး။ ။ ပထမအဆင့်၊ ဒုတိယအဆင့် တတိယအဆင့် (၃)ကြိမ်ကောက်ပြီးလို့ ကျန်သွားတဲ့ မဲစာရင်းတွေအတွက် ပြန်စိစစ် ဆောင်ရွက်သွားဖို့ ရှိပါသလား။
ဖြေ။ ။ ဒါလုံးဝ ဥဿုံ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းလို့ ပြောလို့မရပါဘူး။ တတ်နိုင် သလောက်ပြုစုတယ်။ ကျန်သွားတာတွေ၊ မှားယွင်းတာတွေရှိရင်လည်း ပြင်ဆင်နိုင်အောင် မဲဆန္ဒရှင်တွေအနေနဲ့ လာကြည့်ကြပါ။ နှစ်ပတ်အချိန်ပေးကပ်ထားတယ်။ လာပြင်ကြပါ။ မှန်ကန်တယ်လို့ ပြောလို့မရသေးဘူး။ ရှိနေဦးမှာပဲ။ အခြေခံအကြမ်းဖျင်းအားဖြင့်တော့ မဲစာရင်းရသွားတာပေါ့။ အဲဒါကိုတော့ ကျွန်တော်တို့က ကိုင်ထားမယ်။ ကိုင်ထားပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ ကြေညာခဲ့သလိုပဲ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်း လောက်မှာ၂ဝ၁၅ ရွေးကောက်ပွဲကြီး စတင်တော့မှာဖြစ်ပါတယ်။ အဲဒီလိုစတင် တော့မယ်ဆိုရင် ဥပဒေအရ အနည်းဆုံး သုံးလ စတင်ကြေညာရမှာဖြစ်တယ်။ သုံးလကြိုပြီး ကြေညာရမယ် ဆိုတော့ သြဂုတ်လလည်း ဖြစ်နိုင်တယ်။ ဒီထက်လည်း စောနိုင်တယ်။ ရွေးကောက်ပွဲအတွက် မဲစာရင်းလုပ်မယ်လို့ ကြေညာလိုက်တဲ့ အချိန်ကစပြီးတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကစပြီ။ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုကော်မရှင်၊ မြို့နယ် ကော်မရှင်တွေက ပြန်ပြီးပြုစုပြီးတဲ့ အခါမှာ အခြေခံထားတဲ့ မဲစာရင်းကို အခြေခံပြီးတော့မှ လိုအပ်နေတာလေး တွေကို အဲဒီအချိန်မှာ ပြန်ပြီးလုပ်မှာ ပါ။ ပြန်ပြီးလုပ်ပြီးတဲ့နောက် ခုနစ်ရက် အချိန်ပေးပြီးကပ်ထားမယ်။ ကြေညာဦးမှာပါ။
ခုနလိုပဲ လာပြီးပြင်နိုင်ပါ တယ်။ လာကြည့်မယ်။ လာပြင်မယ်။ ခုနစ်ရက်ကြေညာတာ ပြီးသွားလို့၊ သူတို့ ပြင်ဆင်တဲ့သူတွေရဲ့ လျှောက်လွှာတွေရလို့ ပြင်ဆင်ပြီးပြီဆိုရင်တော့ အဲဒီမဲစာရင်းက တည်ငြိမ်တဲ့ မဲစာရင်း ဖြစ်သွားပါပြီ။ အတည်ပြုပြီးတဲ့ မဲစာရင်း ဖြစ်သွားပါပြီ။ အဲဒီနောက်မှာတော့ ပြင်ဆင်တာ၊ ဖြည့်စွက်တာတွေ မရှိနိုင်တော့ပါဘူး။
မေး။ ။ ရွေးကောက်ပွဲကာလမှာ မဲလိမ်တာ၊ မဲမသမာမှု တွေ့ရှိလို့ ပြည်သူလူထုက တိုင်ကြားမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဘယ်လိုအရေးယူ ဖြေရှင်း ဆောင်ရွက်သွားမလဲ။
ဖြေ။ ။ မဲလိမ်တာနဲ့ပတ်သက်ပြီး ပြည်သူလူထုက တိုင်ကြားမယ်ဆိုရင် ခိုင်မာတဲ့ သက်သေသက္ကာယတော့လိုတာပေါ့။ အဲဒါတွေပြည့်စုံလို့ တိုင်ကြားမယ် ဆိုရင် ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနဲ့ အဲဒီ တိုင်ကြားချက်ကို လက်ခံပါတယ်။ လက်ခံပြီးရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အချိန်နဲ့တစ်ပြေးညီ ချက်ချင်းသတင်းပို့ပါမယ်။ လိုအပ်တဲ့အရေးယူ ဆောင်ရွက်မှုတွေကို အားချင်းပဲ ဆောင်ရွက်ပါ့မယ်။ ဒီလိုမျိုးပြုလုပ်တဲ့ ကိုယ်စား လှယ်လောင်းဖြစ်စေ၊ ကိုယ်စားလှယ်ဘက်က လိုက်ပါ ဆောင်ရွက်သူကိုပဲ ဖြစ်စေ တရားနည်းလမ်းနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာပါ။ ရွေးကောက်ပွဲရဲ့ ရလဒ်ကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ မှန်ကန်တယ်ဆိုရင် မှန်မှန်ကန်ကန် လုပ်ပေးသွားမှာပါ။
မေး။ ။ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအနေနဲ့ ရွေးကောက်ပွဲကာလမှာ ဘယ်လို ဆောင်ရွက် သွားမယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲနဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေက မဲစာရင်း တွေပြုစုမယ်။ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက ကိုယ်စားလှယ် လောင်းတွေကို လျှောက်လွှာတင်နိုင်တယ်လို့ ကြေညာမယ်။ လျှောက်လွှာ တင်လာရင် စိစစ်မယ်။ အတည်ပြုမယ်။ ဒါက ခရိုင်ကော်မရှင်တွေက လုပ်မယ်။ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေနဲ့ မြို့နယ် ကော်မရှင် အဖွဲ့ခွဲတွေက မဲစာရင်းတွေ ကပ်မယ်။ မဲစာရင်းတွေ ပြုစုပြီးပြီဆိုရင် ခုနစ်ရက်ကြေညာပေးမယ်။ အဲဒီလို ကြေညာပြီးရင် မဲဆန္ဒရှင်တွေက လာကြည့်ကြမယ်။ ကြည့်ပြီး ပြင်စရာရှိတာ ပြင်ကြမယ်၊ ဖြည့်စရာရှိတာ ဖြည့်ကြမယ်ဆိုရင် အဲဒါကို ပြန်ပြီး ကျွန်တော်တို့က ပြင်ဆင်ပေးမယ်။ ပြင်ပေးပြီးရင်တော့ မဲစာရင်းက ဒါအတည်ဖြစ်သွားပြီ။ နောက်ကိုယ်စားလှယ် လောင်းတွေထဲက လက်ခံတဲ့ ကိုယ်စားလှယ်လောင်းကို အတည်ပြုပေးမယ်။ မဲစာရင်းလည်းရပြီ။ ကိုယ်စားလှယ်လောင်းလည်း ရပြီဆိုရင် မဲရုံတွေနေရာ သတ်မှတ်လို့ရပြီ။ မဲရုံတစ်ရုံကို အနည်းဆုံး မဲဆန္ဒရှင် ၃ဝဝ သတ်မှတ် ထားတယ်ဆိုတော့ အဲဒီနှုန်းနဲ့ မဲဆန္ဒရှင်စာရင်းနဲ့ တွက်လိုက်မယ်ဆို မဲရုံ ဘယ်လောက်ရမလဲ။ နေရာတွေဘာတွေရွေးပြီး မဲရုံဆောက်ဖို့လုပ်မယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီး လုပ်သွားမယ်။ မဲရုံမှူးတွေခန့်မယ်။ နောက်မဲရုံ ဝန်ထမ်းတွေ ခန့်မယ်။ ပညာပေး သင်တန်းတွေပေးမယ်။ ကိုယ်စားလှယ်လောင်းတွေ အတည်ပြုပြီးတဲ့အခါမှာ မဲဆွယ် စည်းရုံးတဲ့ကာလ စမှာပေါ့။ မြို့နယ် ကော်မတီအဖွဲ့ကမှ ဒီကိုယ်စား လှယ်လောင်းတွေ ဟောပြောတဲ့အခါမှာ အစစအရာရာ အဆင်ပြေအောင် မြို့နယ် ကော်မရှင်အဖွဲ့ခွဲကနေပြီးတော့ တာဝန်ယူဆောင်ရွက်ပေးသွားမယ်။ မဲဆန္ဒရှင် ပညာပေးတာတွေလည်း အဲဒီအချိန်မှာ ရှိနေမယ်။ နည်းနည်းစောတဲ့ အချိန်မှာကျတော့ ရပ်/ကျေးကော်မရှင်တို့၊ မြို့နယ် ကော်မရှင်တို့ကို သင်တန်း တွေ ပြန်ပေးဦးမယ်။ တကယ့်ရွေးကောက်ပွဲကြီး အချိန်နီးလာတဲ့အခါမှာ မဲလက်မှတ်တွေ သွားထုတ်တာတို့၊ လျှို့ဝှက်ဆန္ဒမဲပေးဖို့ အခန်းလေးတွေ သွားလုပ်ရမယ်။ မဲရုံတွေကို ဖြန့်ဝေပေးရမယ်။ ကြိုတင်မဲကိစ္စကို ဥပဒေနဲ့ အညီ လုပ်ပေးမှာပါ။ ဒီတစ်ခါတော့ ဘယ်နှရက် ခွင့်ပြုမလဲ မသိဘူးလေ။ ကြားဖြတ်တုန်းကတော့ နှစ်ရက် ကြိုခွင့်ပြုတယ်။ ကြိုတင် မဲပေးမယ်ဆိုတော့ ရွေးကောက်ပွဲရက် မတိုင်ခင်မှာ ကျွန်တော်တို့ လုပ်ငန်းပေါ့။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အားလုံးက ကော်မရှင် အဆင့်ဆင့် ဆောင်ရွက်သွားမှာပါ။ တကယ့် ရွေးကောက်ပွဲနေ့မှာ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ မဲရုံတိုင်းမှာ မဲဆန္ဒရှင်တွေ မဲပေးနိုင်ဖို့အတွက် တာဝန်တွေ ခွဲပေးပြီးသားပါ။ မဲရုံမှူးတွေ၊ ရပ်/ကျေး ကော်မရှင်တွေ၊ မြို့နယ်မှူးတွေက လိုက်စစ်မှာပါ၊ ကြပ်မတ်မှာပါ။ အဲဒီမှာ မဲပေးတာတွေရှိမယ်။ ညနေပိုင်း မဲရုံတွေမှာ မဲရေတွက်တာတွေရှိမယ်။ မဲရေတွက်တဲ့အခါ သက်ဆိုင်ရာ မဲရုံတွေမှာပဲ လုပ်မှာပါ။ မဲဆန္ဒရှင်တွေလည်း လာကြည့်လို့ရပါတယ်။ နောက်သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေလည်း ရှိမှာပါ။ အားလုံးရဲ့ရှေ့မှာပဲ မဲရေမှာပါ။ ပြီးတဲ့အခါ ဒီစာရင်းဇယားတွေနဲ့ ဒီချိတ်ပိတ်ထားတဲ့ မဲတွေကို မြို့နယ်ကော်မရှင်ရုံးကို သွားမယ်။ မဲရုံတွေ အားလုံးကစုံရင် မြို့နယ် ကော်မရှင်ရုံးမှာ ရောက်နေမယ့် မဲဆန္ဒနယ်ပြင်ပက ကြိုတင်မဲတွေကို ရေမယ်။ ပြီးရင် မဲရုံကရတဲ့မဲနဲ့ ကြိုတင်မဲနဲ့ပေါင်းပြီး ဒါ နိုင်တယ်၊ ရှုံးတယ်ဆိုတာ အဖြေပေါ်မှာပါ။ အဲဒီကျရင် ကြေညာသွားမှာပါ။ ဒါရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးပါ။
မေး။ ။ ရွေးကောက်ပွဲ ကာလမှာ မဲပေးခွင့်ရတယ်ဆိုတာ နိုင်ငံသား တစ်ယောက် အနေနဲ့ ဘယ်လောက် အရေးကြီးတယ်၊ အရေးပါတယ်ဆိုတာ သုံးသပ်ပေးပါ။
ဖြေ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသည်ဆိုပြီး အခွင့်အရေးရှိတယ်။ မပေးမနေရတော့ မဟုတ်ဘူး။ သူ့ဆန္ဒနဲ့ မပေးချင်လည်း ရပါတယ်။ အဲဒီလို မဲမပေးလိုက်ဘူး ဆိုရင် ဘာဖြစ်သွားမလဲ ဆိုတော့ သူနေတဲ့၊ အဲဒီနိုင်ငံသားနေတဲ့ မြို့ရွာ၊ ရပ်ကွက် လမ်း ကောင်းရာ ကောင်းကျိုးအတွက် အကျိုးဆောင်ပေးမယ့် ပြည်သူ့ ကိုယ်စားလှယ်လောင်းမှာ မဲတစ်မဲနစ်နာသွားမှာပါ။ အဲဒီလို လူတွေများလာရင် ပြည်သူလူထုအတွက် အကျိုးဆောင်ပေးမယ့် ပြည်သူ့ ကိုယ်စားလှယ်လောင်းမှာ မဲတွေအများကြီး နစ်နာသွားမှာပါ။ ဒီမဲတွေ လျော့သွားတယ် ဆိုရင် ရွေးကောက်ပွဲဟာ စေတနာထားပြီး လုပ်ပေးပေမယ့် လုပ်ပေးရကျိုး မနပ်ဘူးပေါ့။ ရွေးကောက်တဲ့အခါမှာလည်း မိမိရဲ့နှလုံးသား ခံစားချက်နဲ့ မဲမပေးဘဲနဲ့ ဦးနှောက်ကို သုံးပြီးတော့ မဲပေးဖို့လည်းလိုပါတယ်။ တကယ် ပြည်သူ့ကောင်းကျိုး ဆောင်ရွက်မယ့်သူ၊ ကိုယ့်ရပ်ကွက်မြို့ရွာ ကောင်းကျိုး ဆောင်ရွက်မယ့်သူ၊ တကယ်ပြောမယ့်သူ၊ တကယ်လုပ်မယ့်သူကို ခေါင်းနဲ့ စဉ်းစားပြီး မဲပေးဖို့လို့ပါတယ်။ ဒါမှ လွှတ်တော်ထဲမှာ နိုင်ငံတော်ရဲ့ ကောင်းကျိုးကို ဆောင်ရွက်ပေးမယ့် အမတ်လောင်းတွေ လွှတ်တော်ထဲ ရောက်သွားမှာ၊ နိုင်ငံလည်း တိုးတက်မှာ ဖြစ်ပါတယ်။ မိမိနိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီးတော့၊ ရွေးချယ်ပိုင်ခွင့်ကို သုံးပြီး တော့ အခွင့်အရေး ရှိနေတဲ့အချိန်မှာ ဒီအခွင့်အရေးကို မသုံးလိုက်ဘူးဆိုရင် နိုင်ငံသား တစ်ယောက်အနေနဲ့ ဥပဒေကပေးတဲ့ အခွင့်အရေးကို အသုံးချ မသွားတာ နှမြောစရာ ကောင်းတယ်လို့မြင်တယ်။ အရေးကြီးပါတယ်။ မဲတစ်ပြားကလည်း အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက် ရွေးချယ်တဲ့နေရာမှာ အင်မတန် စကားပြောပါတယ်။ ဒါကြောင့် မဲကိုပေးဖြစ် အောင် ပေးစေချင်ပါတယ်။ ။
MOI Webportal Myanmar

No comments:

Post a Comment