Wednesday 8 April 2015

အမျိုးသားပညာရေး ဥပဒေကြမ်းကို ဆွေးနွေးချက် ၃၆ ချက်ဖြင့် ပြည်သူ့လွှတ်တော် အတည်ပြု

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် ၁၀၅ ချက်ဖြင့် အတည်ပြုထားသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုချက် ၉၅ ချက်နှင့် ဆွေးနွေးချက် ၃၆ ချက်ဖြင့် ဧပြီလ ၇ ရက်တွင် အတည်ပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
ယင်းဥပဒေကြမ်းအပေါ် ပြန်လည် ပြင်ဆင်ထားသော ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဧပြီလ ၂ ရက်တွင် အတည်ပြု ပြီးနောက် ဧပြီလ ၇ ရက်တွင် ဥပဒေကြမ်း တစ်ခုလုံးကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဆရာနှင့် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရေးကို သက်ဆိုင်ရာပဋိညာဉ် စာတမ်းနှင့်အညီ ဖွဲ့စည်းခွင့်ပြုရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက အတည် ပြုခဲ့သော်လည်း အမျိုးသားပညာရေး မူဝါဒကော်မရှင် ဖွဲ့စည်းရာတွင် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များနှင့် ဆရာသမဂ္ဂ ကိုယ်စားလှယ်များအစား ကျောင်းသားနှင့် ဆရာကိုယ်စားလှယ်ဟုသာ ထည့်သွင်း ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

အဆိုပါ မူဝါဒကော်မရှင်တွင် ကျောင်းသားသမဂ္ဂနှင့် ဆရာသမဂ္ဂများက ရွေးချယ်သော ဝန်ထမ်း မဟုတ်သည့် ပညာရှင် ထည့်သွင်းပေးရန် ဒေါက်တာစိုးရင်၊ ဦးသိန်းညွှန့်နှင့် ဒေါ်မိမြသန်းတို့က အဆိုပြုခဲ့ သော်လည်း ဥပဒေကြမ်း ကော်မတီ၏ မူလ အဆိုပြုချက်အတိုင်းသာ အတည်ပြုခဲ့သည်။ “လွန်ခဲ့တဲ့ လတုန်းက ကျောင်းသားတွေ တောင်းဆိုနေတဲ့ သမဂ္ဂဆိုတဲ့စကားလုံးကို ကျောင်းသားတွေရဲ့ ကိုယ်စားပိုပြီး ပေါ်လွင်အောင် သမဂ္ဂလို့ ထည့်ထားခြင်း ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြသန်း က ပြောကြားသည်။

နိုင်ငံတကာကျောင်းသားသမဂ္ဂ ပဋိညာဉ်စာတမ်းများတွင် ကျောင်းသားတိုင်းသည် ကျောင်းသားသမဂ္ဂ အတွက် မဲပေးခွင့်ရှိပြီး ယင်းသမဂ္ဂမှ ပါဝင်သူများသည် ကျောင်းသားကိုယ်စားပြု ကိုယ်စားလှယ်များသာ ဖြစ်သောကြောင့် ၎င်းတို့ သည် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် သဘော သက်ရောက်နေသည့်အတွက် ကျောင်းသားနှင့် ဆရာကိုယ်စားလှယ်ဟုသာ ထည့်သွင်းသင့်ကြောင်း NLD ပါတီမှ ဦးဖြိုးဇေယျာသော်က ပြန်လည် ရှင်းလင်းခဲ့သည်။

အလားတူ အမျိုးသား သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ကော်မတီတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သူ ပညာရှင်နှစ်ဦး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်သူ ပညာရှင်နှစ်ဦး၊ ပညာရေးဝန်ကြီးဌာနမှ ဘာသာရပ်အလိုက် ခန့်အပ်သူပညာရှင်များနှင့် ဆရာ၊ ကျောင်းသားသမဂ္ဂက ရွေးချယ်သူ ပညာရှင်များ ပါဝင်သော ပုဒ်မတစ်ခုလုံးကို ပယ်ဖျက်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဆိုသည်။ 

ယင်းအပြင် ပညာရေးမူဝါဒ ကော်မရှင်၏ သက်တမ်းကို ငါးနှစ်အဖြစ် သတ်မှတ်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးထင်လင်းဦးက တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ သည်။

ကျောင်းသား ကိုယ်စားလှယ်များ တောင်းဆိုခဲ့သော ပညာရေးအသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန် ဆိုသည့် အချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာသည်။ 

အငြင်းပွားနေဆဲ တိုင်းရင်းသားဘာသာ သင်ကြားခွင့်နှင့် ပတ်သက်၍လည်း အခြေခံပညာအဆင့်တွင် တိုင်းရင်းသား ဘာသာစကားကို မြန်မာဘာသာစကား နှင့်အတူ တိုင်းရင်းသားစာပေကိုပါ တွဲဖက်သင်ကြားရန် ပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်က ကန့်သွက်သူမရှိ အတည်ပြုခဲ့သည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေမှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲ အခြေခံ တောင်းဆိုချက် များနှင့် ကွဲလွဲမှုကြီးမားပါက ဆန္ဒထုတ်ဖော်ပွဲများ ထပ်မံဖြစ်ပေါ်လာပြီး ကျောင်းသားများ လမ်းမပေါ်သို့ ထွက်ရဦးမည် ဖြစ်ကြောင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုပိုင်ရဲသူက ပြောကြားသည်။

“ကျွန်တော်တို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ်။ ကွဲလွဲမှု များနေတယ်ဆိုရင် အလကား ဖြစ်သွားပြီ။ တိုက်ပွဲတွေလည်း ထပ်ဖြစ်နိုင်တယ်” ဟု ကိုပိုင်ရဲသူက ပြောဆိုသည်။

“လက်ရှိမှာ ပြောဖို့ခက်နေတယ်။ ဘယ်အချက်ကို ပြင်တယ်။ ဘယ်လို ပြင်လိုက်တယ်။ ကျွန်တော်တို့ ၁၁ ချက် မူနဲ့ ဘယ်လိုကွာခြားတယ်ဆိုတာ သေချာ မသိရသေးလို့ပါ” ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန်းလင်းက The Voice သို့ ပြောကြားသည်။ 

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က မတ်လအတွင်း ကျောင်းသား ကိုယ်စားလှယ်နှင့် အရပ်ဘက် အဖွဲ့အစည်းများထံမှ ကြားနာပွဲများ ပြုလုပ်ခဲ့ပြီး မတ်လ ၂၆ရက်တွင် အတည်ပြု၍ မတ်လ ၃၀ ရက်တွင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သည်။

The Voice Weekly​ 

No comments:

Post a Comment