Sunday 22 March 2015

မတရားအသင်းနှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှုများဖြင့် စွပ်စွဲကာ ထောင် နှစ် ၂၀ ကျော် ကျနေသည့် ကချင်ဒုက္ခသည် သုံးဦးအတွက် အယူခံဝင်မည်

မတရားအသင်းနှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှုတို့ဖြင့် ထောင်ဒဏ် ၂၀ နှစ်ကျော် အကျဉ်းကျနေသော ကချင် စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ်၊ ဦးဘရန်ရုန်းနှင့် ဦးလရိန်တို့အမှု နောက်ဆုံး အယူခံကို လာမည့် မတ်လ ၂၃ ရက်တွင် လျှောက်လဲချက် တင်သွင်းမည်ဟု တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ပြည်ထောင်စု တရားလွှတ်တော်ချုပ် အထူးခံရုံးသို့ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ၎င်းတို့အား ပြစ်ဒဏ်ချမှတ်မှုအပေါ် ဥပဒေနှင့် မညီညွတ်သဖြင့် အယူခံ တင်သွင်း ခဲ့ခြင်း ဖြစ်သည်။

“ဦးဘရန်ရုန်းပါ သုံးဦး ဖောက်ခွဲမှုနဲ့ မတရားအသင်း အမှုနှစ်ခု စလုံးကို အထူးအယူခံ လက်ခံထားတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ တနလာင်္နေ့မှာ လျှောက်လဲချက်ပေးမယ်၊ ဥပဒေအကြောင်းအရ ကျွန်တော် တို့က သက်သေခံ တင်သွင်းပြီး အဆုံးအဖြတ် ပြုထားတဲ့ဟာတွေက ဥပဒေနဲ့ ကိုက်ညီခြင်းမရှိဘဲနဲ့ ပြစ်ဒဏ် တင်ထားတယ်ပေါ့နော်။ အဲဒါကို ကျနော်အဓိကထားတယ်” ဟု တရားလွတ်တော် ရှေ့နေ ဦးအောင်သိန်း က ပြောသည်။

၂၀၁၄ ခုနှစ်အတွင်း မြစ်ကြီးနားခရိုင်၊ မြို့နယ်များနှင့် ပြည်ထောင်စု တရားလွတ်တော်ချုပ်တို့တွင် အဆင့် အဆင့် အယူခံတင်သွင်းခဲ့သော်လည်း ပလပ်ခံခဲ့ရသဖြင့် တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက အထူးခုံရုံး ပြည်ထောင်စု တရားလွှတ်တော်ချုပ် ထပ်မံ အယူခံ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တရားရုံးက စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ထံ တရားခံများ စစ်ကြောထွက်ဆိုချက်များအရ တရားခံများသည် ပြစ်မှုကျူးလွန်သည်ဟု ကောက်ယူသုံးသပ်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း၊ ယခုအမှုတွင် စစ်ကြောချက်ကို သက်သေခံအဖြစ် မတင်သွင်းသည့်အပြင် စစ်ကြောသူကိုလည်း သက်သေအဖြစ် စစ်ဆေးထားခြင်း မရှိဘဲ စစ်ကြောချက်ကို မှန်ကန်သည်ဟု ယူဆပြီး တရားခံများအပေါ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ဦးအောင်သိန်းက သုံးသပ်ထားသည်။

“ကျွန်တော်တို့က ဒီဟာ ပြစ်ဒဏ်စီရင်ထားတာ သက်သေခံ ဥပဒေနဲ့ မညီညွတ်ဘူး အဓိက ဒါဘဲ၊ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိဘူး။ ဗုံးဖောက်ကွဲတယ် ဆိုပြီးတော့ ဖမ်းဆီးတဲ့အခြေအနေမှာ အဲဒီလူဟာ အချုပ်ခံ ထားရတဲ့ အချိန်ဖြစ်နေတယ်။ ဗုံးပေါက်ကွဲတဲ့ နေရာမှာလည်း ပါဝင်မှု မဖြစ်နိုင်ဘူးပေါ့နော်။ နောက်ပြီးတော့ စစ်ဘက်ရေးရာ စစ်ကြောချက်တွေကို သက်သေခံ တင်သွင်းတဲ့အခါမှာ ရှာဖွေပုံစံနဲ့ဘဲ တင်သွင်း ထားတယ်။ အဲဒီစစ်ကြောချက် မှတ်တမ်းတွေကို သက်သေခံ မသွင်းထားဘူး။ မသွင်းထားတဲ့ဟာပေါ်မှာ တရားရုံးက အဲဒီအချက်တချက်ထဲပေါ်မူတည်ပြီးတော့ ပြစ်ဒဏ် တင်ထားတာ ဥပဒေနဲ့ မညီဘူးဆိုပြီး ကျွန်တော်က အဲဒါကို ပြောမှာဗျ။ ”ဟု သူက ပြောသည်။

တရားခံများအပေါ် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)မှ စစ်ကြောခဲ့သည့် စစ်ကြောချက်များကို သိမ်းဆည်းခဲ့သည့် ရှာဖွေ ပုံစံအား သက်သေခံအဖြစ် တင်သွင်းရုံဖြင့် အဆိုပါ စစ်ကြောချက်များသည် အလိုလျှောက် သက်သေခံဝင်ခြင်း ရှိ မရှိ လာမည့် မတ်လ ၂၃ ရက်တွင် လျှောက်လဲချက် တင်သွင်းမည် ဖြစ်သည်။

ယင်းတို့အမှုအပေါ် နောက်ဆုံး အယူခံ ဝင်ခြင်း ဖြစ်ပြီး ဦးဘရန်ရုန်း အပါအဝင် သုံးဦးသည် လွှတ်မြောက် လာလိမ့် မည်ဟု မျှော်လင့်ကြောင်း ဦးအောင်သိန်းက ပြောသည်။

“ဒီအမှုက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မျှတမှု ဘယ်လောက်ရှိတယ်ဆိုတာကို သိမြင်လာမယ့် အမှုဖြစ် တယ်။ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးအထူးခုံရုံးဖြစ်တယ်။ တရားဥပဒေအရဆိုရင် ဒီအမှုအတွက် နောက်ဆုံးအယူခံဖြစ်တယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့ သုံးဦးသည် သည် မြစ်ကြီးနားမြို့နယ် ရွှေစက်ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေရာမှ သူတို့၏ သားသမီးများ၏ ကျောင်း စရိတ်ရှာရန် တာလောကြီးကျေးရွာသို့ အခကြေးငွေဖြင့် ကျွဲ၊ နွားမောင်း ရန် လိုက်ပါသွားရာမှ အစိုးရ၏ စစ်တပ် ခလရ ၃၇ တပ်ဖွဲ့များက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုကာ ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က ဖမ်းဆီး၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) စရဖ သို့ လွဲပြောင်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ဖောက်ခွဲမှုတို့ဖြင့် ဦးလဖိုင်ဂမ်ကို ထောင်ဒဏ် ၂၀ နှစ်၊ ဦးဘရန်ရုန်းကို ထောင်ဒဏ် ၂၁ နှစ်ထိ ထောင် ဒဏ်ချမှတ်ခဲ့သည်။ သို့သော် နိုင်ငံတော်သမ္မတ၏ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က လွတ်ငြိမ်းချမ်းသာခွင့်တွင် ဦးဘရန်ရုန်း၏ ၁၇/၁ ပုဒ်မကို ပြစ်ဒဏ် နှစ် နှစ်အား ပယ်ဖျက်ပေးခဲ့ပြီး ၂၀၁၄ ဇန်နဝါရီ ၂ ရက်တွင်မူ ပြဒစ်ဒဏ်၏ လေးပုံတစ်ပုံ လျော့ပေါ့ပေး၍ ပေါက်ကွဲ ငါးမှုဖြင့် ထောင်ဒဏ် ၁၉နှစ်ကျန်ရှိသည်။ အလားတူ ဦးလဖိုင်ရမ်ကိုလည်း ၁၇/၁ ကို ပယ်ဖျက်ပေးခဲ့ပြီး ရက်ပေါင်း ၄၅၀ လျော့ပေါ့ပေးလိုက်၍ ဖောက်ခွဲမှု လေးမှုဖြင့် ထောင်ဒဏ် ၁၈ နှစ် ဆက်လက်ကျခံနေရသည်ဟု နိုဝင်ဘာ ၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ပါရှိသော စာရင်းအရ သိရသည်။

ဦးလရိန်သည် ဖောက်ခွဲမှုနှင့် မတရားအသင်းတို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချခံနေရသည်။

၂၀၁၄ ခုနှစ်ကုန်ပိုင်းက ထိုနှစ်ဦး လွတ်မြောက်ရန်အတွက် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့ထံ စာရေးသားပေးပို့တောင်းဆိုခဲ့သလို၊ ဆုတောင်းပွဲများ ပြုလုပ်ခြင်း၊ ကချင်ပြည်နယ် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က လက်မှန်ရေးထိုးတောင်းဆိုခဲ့သည်။

၂၀၁၄ခုနှစ် နိုဝင်ဘာ ၁ရက်က နိုင်ငံပိုင်သတင်းစာတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင့်ရေး အသင်း (AAPP)နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့၏ တင်ပြမှုအပေါ် စိစစ်ချက်အရ အခြားပြစ်မှု ကျူးလွန်ခဲ့သူ ပြစ်ဒဏ်ကျခံဆဲ (၂၇)ဦး၏ အမည်စာရင်းတွင် ဦးဘရန်ရုန်းနှင့် ဦးလဖိုင်ဂမ်တို့ကို ထည့်သွင်းထားသည်။

Mizzima - News in Burmese

No comments:

Post a Comment