Sunday 22 March 2015

KIA အဖွဲ့မှ လုံခြုံရေးပြုလုပ်ပေးနေသော သစ်မှောင်ခိုယာဉ်တန်းအား တပ်မတော်မှ တိုက်လေယာဉ်များဖြင့် လိုက်လံတားဆီးလျက်ရှိ



KIA အဖွဲ့မှ လုံခြုံရေးအစောင့်အရှောက်ဖြင့် တရုတ်နိုင်ငံအတွင်းသို့ ထွက်ခွာနေသည့် သစ်မှောင်ခိုယာဉ် အစီး၂၀၀ ခန့်အား တပ်မတော်လေမှ တိုက်လေယာဉ်များဖြင့် လိုက်လံပစ်ခတ်တားဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။



၎င်းသတင်းနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ရာ အရာရှိ တစ်ဦးမှ “ဟုတ်ပါတယ် . . ကျွန်တော်တို့ လေကြောင်းကင်းထောက်ချက်တွေအရ ကချင်ပြည်နယ်ထဲက မန်စီ-မဒယမ်-ဂိုက်ထိတ် လမ်းကြောင်းအတိုင်း သစ်တင်ကား အစီး ၂၀၀ ကျော်လောက် မြန်မာနိုင်ငံ ထဲကနေပြီး တရုတ်နိုင်ငံဘက်ကို ဦးတည်သွားနေတယ် ဆိုတာသိရလို့ တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်မြေသွားရှင်းခဲ့တာပါ။ ဒီလိုသွားရှင်းတဲ့ လမ်းကြောင်းပေါ်မှာ KIA အဖွဲ့တွေက စောင့်ပြီးပစ်ခတ်ခဲ့လို့ တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။ လေကြောင်းကင်းထောက်ချက်တွေနဲ့ ဒေသခံတွေရဲ့ သတင်းပေးချက်တွေ အရလည်း . . ဒီ . . . သစ်တင်ကား အစီး ၂၀၀ ကျော်လောက်ဟာ KIA အဖွဲ့နဲ့ တရုတ်နိုင်ငံသား သစ်မှောင်ခိုသမားတွေ ပူးပေါင်းပြီး တရုတ်နိုင်ငံထဲကို တရားမ၀င်ခိုးရောင်းဖို့ဖြစ်တယ်၊ သစ်မှောင်ခို သမားတွေ လုံခြုံရေးအတွက်လည်း KIA အဖွဲ့က လိုက်ပါဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်” ဟု ပြန်လည်ပြောကြားခဲ့ပါသည်။

၎င်းသတင်းနှင့် စပ်လျဉ်း၍ KIA မှ ဦးလနန်က KIA စခန်းများအား တပ်မတော်မှ တိုက်လေယာဉ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း DVB မှတစ်ဆင့် ပြောဆိုခဲ့ပါသည်။

တပ်မတော်မှ တိုက်လေယာဉ်များဖြင့် KIA စခန်းများအပေါ် တိုက်ခိုက် မှုများနှင့် ပတ်သက်၍ တပ်မတော်မှ အရာရှိအား မေးမြန်းခဲ့ရာ “ တပ်မတော် အနေနဲ့ကတော့ KIA စခန်းတွေကို သွားတိုက်တယ်၊ လေယာဉ်နဲ့ ဗုံးကြဲ တယ်ဆိုတာ လုံးဝမရှိပါဘူး။ ဒါပေမယ့် ဒီသစ်မှောင်ခိုကားတွေကို KIA က လုံခြုံရေးလုပ်ပေးနေတော့ KIA က တပ်မတော်စစ်ကြောင်းတွေကို စတင်တိုက်ခိုက်ရာကနေပြီး တိုက်ပွဲဖြစ်ရတာပါ။ တိုက်လေယာဉ် တွေ ပစ်ခတ် တိုက်ခိုက်တယ် ဆိုတာကလည်း KIA စခန်းတွေအပေါ်မဟုတ်ပါဘူး၊ မိမိနိုင်ငံထဲကနေ . . ဒီ . . . သစ်မှောင်ခိုယာဉ်တန်း ထွက်မသွားစေဖို့ နေ့လည် ၄ နာရီခွဲ လောက်ကြမှ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်ဟန့်တား ခဲ့ခြင်း ဖြစ်ပါတယ်။၊ ဒေသခံတွေရဲ့ သတင်းပေးချက်အရလည်း KIA အဖွဲ့ဟာ သစ်ကားတွေပေါ်နဲ့ သစ်မှောင်ခိုလမ်းပေါ်မှာပါ လုံခြုံရေးလုပ်ပြီး တစ်ဖက်နိုင်ငံထဲကို လိုက်ပို့နေတယ်လို့ သတင်းရရှိထားပါတယ်” ဟု ပြောကြားခဲ့ပါသည်။

တိုက်ပွဲများဖြစ်ပွားနေမှုနှင့် ပတ်သက်၍ မန်စီမြို့နယ်ရှိ ဒေသခံလုပ်ငန်းရှင်တစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ “ ဟုတ်တယ်။ တိုက်ပွဲတွေဖြစ်နေတယ်။ မြစ်ကြီးနားက မိတ်ဆွေတွေကလည်း ဒီနေ့ စစ်လေယာဉ်တွေပျံတယ်လို့လည်းပြောကြတယ်။ ပြီးခဲ့တဲ့ အပတ်ထဲကတော့ တောထဲကအသိတွေက . . . တရုတ်ဘက်က သစ်သမားတွေနဲ့ KIA ကအဖွဲ့တွေပေါင်းပြီး ဟိုဘက်နိုင်ငံကို သစ်ထုတ်ဖို့ရှိတယ်လို့ပြောတယ်။ ကားစီးရေ ရာကျော်တယ်၊ တော်တော်များမယ်လို့လဲပြောတယ်။

အရင်တုန်းကလည်း KIA နဲ့ တရုတ်သစ်သမားတွေပေါင်းပြီး ထုတ်နေကြပဲ။ ဒါပေမယ့် အခုတစ်လော သစ်တွေဖမ်းတာများနေတော့ အခုသစ်ခိုးထုတ်မှာကို တပ်ကသိသွားရင် တိုက်ပွဲတော့ ဖြစ်ကြဦးမယ်လို့ ထင်မိတာ အခုတော့ ဖြစ်ကြပြီနဲ့တူပါတယ် ” ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက်ကနေ ၅ ရက်နေ့အတွင်း၌လည်း တပ်မတော်၏ လေကြောင်း ကင်းထောက်ချက်များအရ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆဒုံးဒေသတွင် KIA အဖွဲ့၏ ခွင့်ပြုချက် လက်မှတ်ဖြင့် သစ်ခိုးထုတ်နေသော သစ်မှောင်ခို ကားစီးရေ ၄၇၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံ အတွင်း တရားမ၀င် သစ်မှောင်ခို ပြုလုပ်နေသူ တရုတ်လူမျိုး ၁၄၀ ကျော် ဖမ်းဆီး ရမိခဲ့ပါသည်။ ဖမ်းဆီး ရမိသော သစ်မှောင်ခိုသမားများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် KIA အဖွဲ့အား ငွေကြေးပေးချေ၍ သစ်များ အား တရုတ်နိုင်ငံ အတွင်းသို့ သယ်ယူပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိခဲ့ပါသည်။

မြင့်မောင်ကျော်
Today Myanmar

No comments:

Post a Comment