Sunday 22 March 2015

PNLO နဲ့ RCSS နယ်မြေ ပြဿနာတွေ ဖြေရှင်းဖို့ သီးသန့်ကိုယ်စားလှယ် ထားမယ်

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်နဲ့ ကဒူးကြီး ဒေသအတွင်းမှာရှိတဲ့ PNLO နဲ့ RCSS/SSA တို့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက် ဆက်သွယ်ညှိနှိုင်းရေး ကိုယ်စားလှယ် တွေကို သီးသန့် ထားရှိမှာဖြစ်တယ်လို့ RCSS/SSA မှ တာဝန်ရှိသူတွေက ဆိုပါတယ်။
“ဒီဒေသတွေက ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟုတ်ဘူး။ နယ်မြေ သတ်မှတ်ထားတာလည်း မရှိဘူး။ ရှမ်းပြည်နယ်ဟာ ရှမ်းလူမျိုးတွေ အားလုံးနဲ့ သက်ဆိုင်တယ်။ နယ်မြေ တရားမဝင် မသတ်မှတ်ရသေးခင်မှာ အတူတကွ ဘယ်လိုပူးပေါင်းနေထိုင်ရမယ် ဆိုတာကို ညှိနှိုင်းဖို့အတွက် နှစ်ဖက်အဖွဲ့တွေမှာ ဆက်သွယ် ညှိနှိုင်းရေး ကိုယ်စားလှယ်တွေ ထားရှိသွားမယ်” လို့ RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလက ဆိုပါတယ်။

အဲ့ဒီလို နယ်မြေပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းနေပြီး နယ်မြေပိုင် ဆိုင်မှု အမှားအယွင်းတွေ ထပ်မဖြစ်ပွားစေဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ PNLO အဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“တစ်ခါတလေမှာ နယ်မြေအတွင်းမှာရှိတဲ့ အကျိုးစီးပွားနဲ့လည်း သက်ဆိုင်တယ်။ နိုင်ငံရေးနောက်ခံ အကြောင်း အရာတွေ ကနေ ရိုက်ခတ်တာတွေလည်း ရှိတယ်။ အခုကတော့ နှစ်ဖက် ညှိနှိုင်းနေပါတယ်” လို့ သူက ရှင်းပြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်၊ မောက်မယ်မြို့နယ်နဲ့ ကဒူးကြီး ကျေးရွာ အကြားမှာရှိတဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်နဲ့ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်တို့ အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၄ ခုနစ်မှ စတင်ပြီး ညှိနှိုင်း ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

The Voice Weekly

No comments:

Post a Comment