Sunday 22 March 2015

တိုက်ခိုက်ခံရပါက နျူကလီးယားဒုံးကျည်ဖြင့် လက်စားချေတုံ့ပြန်မည်ဟု မြောက်ကိုရီးယားဆို

မြောက်ကိုရီးယားနိုင်ငံတွင် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထားပြီး တိုက်ခိုက်ခံရပါက နျူကလီးယား ဒုံးကျည် အသုံးပြု လက်စားချေ တုံ့ပြန်သွားမည်ဟု ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
“နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ကို အမေရိကန် တစ်နိုင်ငံတည်း လက်ဝါးကြီး အုပ်ထား နိုင်တာ မဟုတ်ပါဘူး” ဟု မြောက်ကိုရီးယား သံအမတ်ကြီး ဟွန်တိတ်ဘွန်က Sky News ကို ပြောကြားသည်။

ထို့အပြင် မြောက်ကိုရီးယားနိုင်ငံတွင် နျူကလီးယားဒုံးကျည်ဖြင့် တိုက်ခိုက်နိုင်သည့် စွမ်းရည်ပိုင်ဆိုင် ထားခြင်း ရှိမရှိ မေးမြန်းရာတွင် မည်သည့်အချိန်တွင်မဆို လက်တုံ့ပြန်နိုင်ကြောင်း သံအမတ်ကြီးက ဆက် လက်ပြောကြားသည်။

“အမေရိကန်က တိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်။ သမားရိုးကျစစ်ပွဲဆို သမာရိုးကျ လက်နက်နဲ့ တိုက် မယ်။ နျူကလီးယားစစ်ပွဲ ဆိုလည်း အသင့်ပဲ။ ကျွန်တော်တို့ စစ်ကို မလိုလားပါဘူး။ ဒါပေမဲ့ စစ်ဖြစ်ဖို့လည်း ကြောက်နေမှာ မဟုတ်ဘူး” ဟု သံအမတ်ကြီးက မှတ်ချက်ပြုသည်။

အမေရိကန်ပြည်ထောင်စု၏ နျူကလီးယား ခြိမ်းခြောက်မှုကို တုံ့ပြန်ရန် လိုအပ်ပါက လက်ဦးမှုယူ တိုက်ခိုက်မှုမျိုးကိုလည်း လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီဆူယောင်က မတ်လ ၃ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ထားသည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး မြောက်ကိုရီးယားနိုင်ငံ၏ ကြိုးပမ်းမှုများကို လွန်စွာစိုးရိမ်ကြောင်း အမေရိကန် ပြည်ထောင်စုက ပြောကြားထားပြီး ယင်းလုပ်ဆောင်ချက်များမှာ အပြည်ပြည်ဆိုင်ရာ သဘော တူညီချက်များကို ချိုးဖောက်မှု ဖြစ်သည်ဟု ထောက်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု သုံးကြိမ် လုပ်ဆောင်ခဲ့သလို နျူကလီးယား ထိပ်ဖူး ထုတ်လုပ်နိုင်နေပြီဟု တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့များဆိုင်ရာ တပ်မှူးက ပြောကြား သွားသော်လည်း နျူကလီးယားထိပ်ဖူး ပိုင်ဆိုင်ကြောင်း အတည်ပြုနိုင်သည့် အထောက်အထားများကို လက်ရှိအချိန်ထိ မတွေ့ရှိရသေးပေ။

နျူကလီးယားဒုံးကျည် ပစ်လွှတ်နိုင်သည့် စွမ်းရည် မြောက်ကိုရီးယား ပိုင်ဆိုင်ခြင်း ရှိမရှိ မေးမြန်းရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖြေကြားသွားခြင်း မရှိဘဲ မြောက်ကိုရီးယား ခြိမ်းခြောက်မှု မှန်သမျှကို ကာကွယ်တုံ့ပြန်ရန် အသင့်ရှိသည်ဟု မှတ်ချက်ပြုထားသည်။

တောင်ကိုရီးယားနှင့် ဂျပန်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများကို ပစ်ခတ်နိုင်သည့် ဒုံးကျည် ရာပေါင်းများစွာ မြောက်ကိုရီးယား ပိုင်ဆိုင်ထားသလို ယခုနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည်များကိုပါ မြောက်ကိုရီးယားနိုင်ငံ ပိုင်ဆိုင်လာမည်ဟု အမေရိကန် ဒုံးကျည်ကာကွယ်ရေး အေဂျင်စီ ညွန်ကြားရေးမှူး ရေတပ်ဗိုလ်ချုပ်ကြီး ဂျိန်းဆာရင်က သတိပေးထားသည်။

The Voice Weekly

No comments:

Post a Comment