Sunday 22 March 2015

မန္တလေး စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

တစ်မြို့နယ်တစ်ဦး ပြည်သူက မဲပေးရွေးချယ်နိုင်မည့် မန္တလေး စည်ပင်သာယာရေး ကော်မတီဝင် ရွေး ကောက်ပွဲတွင် ခြောက်မြို့နယ်အတွက် ကိုယ်စားလှယ်လောင်း ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်း ပေးထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လေးဦး၊ အမရပူရမြို့နယ်တွင် သုံးဦး၊ ချမ်းမြသာစည်မြို့နယ်တွင် သုံးဦး၊ မဟာအောင်မြေမြို့နယ်တွင် နှစ်ဦး၊ အောင်မြေသာစံမြို့နယ်တွင် နှစ်ဦး စာရင်းပေးထားကြောင်း ရွေးကောက်ပွဲကော်မရှင် ကြော်ငြာချက်အရ သိရသည်။

အဆိုပါ ၂၁ ဦးထဲတွင် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် အမျိုးသမီးတစ်ဦးစီ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းများတွင် အများစုမှာ လုပ်ငန်း ရှင်များ ဖြစ်ကြပြီး တရားလွှတ်တော်ရှေ့နေ အချို့နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် မန္တလေးမြို့တော်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးစိန်လှလည်း ပါဝင်မည် ဖြစ်ကြောင်း ကိုယ်စား လှယ်လောင်း စာရင်းများအရ သိရသည်။

“အမျိုးသမီးတွေပါတာ ကောင်းတယ်။ ရန်ကုန်မှာ စည်ပင်ရွေးကောက်ပွဲ လုပ်ကတည်းက စိတ်ဝင် စားနေတာ။ မန္တလေးမြို့ခံလည်း ဖြစ်တဲ့အတွက် လုပ်သားပြည်သူတွေကို ဘာလုပ်ပေးရမလဲ ဆောင်ရွက် ပေးချင်လို့ ဝင်ရောက်ယှဉ်ပြိုင်တာပါ။ လူကြီးတွေ မြင်တာနဲ့ ကိုယ်မြင်တာ မတူနိုင်ဘူးလေ” ဟု ချမ်းအေး သာစံမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သဇင်ပန်း ကျောက်မျက်ရတနာနှင့် ဟိုတယ်ပိုင်ရှင် ဒေါ်ခင်လေးမြင့်က ပြောကြားသည်။

ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ကန့်ကွက်လိုပါက မတ်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကော်မရှင်ဥက္ကဋ္ဌထံသို့ အထောက်အထားခိုင်လုံစွာဖြင့် တင်ပြရမည် ဖြစ်ကြောင်း ကော်မရှင် ကြေညာချက်တွင် ဖော်ပြထားသည်။

ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် အသက် ၃၀ ပြည့်ပြီးသူ၊ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသည့် နိုင်ငံသား၊ အစိုးရနှင့် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိထားသူ၊ မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်း လွန်ခဲ့သည့် ၁၀ နှစ်နှင့်အထက် နေထိုင်သူ၊ မိမိကိုယ်တိုင် သို့မဟုတ် ဇနီး၊ ခင်ပွန်းတစ်ဦးဦး အမည်ပေါက် ပိုင်ဆိုင်ထားသည့် နေအိမ်တွင် နေထိုင်သူများ လျှောက်ထားနိုင်ပြီး နိုင်ငံ့ဝန်ထမ်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ပါက ရွေးကောက် ပွဲ အနိုင်ရလျှင် နိုင်ငံ့ဝန်ထမ်းနှင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နှုတ်ထွက်ရမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေအရ သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များကို အိမ်ထောင်စု တစ်စုလျှင် မဲတစ်မဲဖြင့် မဲပေးရမည်ဖြစ်ပြီး လက်ရှိတွင် မဲဆန္ဒရှင်စာရင်းများ ကောက်ယူနေရာ ရွေးကောက်ပွဲကို လာမည့် မေလ တွင် ပြုလုပ်ရန် လျာထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

စည်ပင်သာယာရေး ကော်မတီက လက်ရှိ အကောင်အထည်ဖော်နေသည့် မြို့ပြစီမံကိန်း အချို့သည် ဆင်းရဲသား လူတန်းစားအတွက် အကျိုးမထိရောက်ဘဲ လူချမ်းသာများ အတွက်သာ အကျိုးရှိနေသည်ကို ပြင်ဆင်လိုသည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း၊ မြို့တွင်းရေရရှိမှုနှင့် စားသောက်ကုန် မသန့်ရှင်းမှုများကိုလည်း ဆောင်ရွက်သွားရန် အစီအစဉ် ရှိကြောင်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလိက အဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ဦးစိန်လှက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment