Sunday 22 March 2015

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် နောက်ဆုံးမူကြမ်း အပြီး သတ်ဆွေးနွေးနိုင်ရန် ဆွေးနွေးပွဲ ခေတ္တရပ်နား

(၇)ကြိမ်မြောက် ကျင်းပလျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) နောက်ဆုံး မူကြမ်းအား ဆဋ္ဌမမြောက်နေ့ ဆွေးနွေး အပြီး အပြီးသတ်ဆွေးနွေးနိုင်ရန် အတွက် ဆွေးနွေးပွဲခေတ္တ ရပ်နား ကာ မတ်လ (၃၀)ရက်နေ့ တွင် သတ္တမမြောက်နေ့အဖြစ် ဆက်လက် ကျင်းပမည် ဟု ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ နှစ်ဖက် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ် စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် (၇)ကြိမ်မြောက်ဆွေးနွေးပွဲအား မတ်လ ၂၂ ရက်နေ့ မွန်းတည့် (၁၂)နာရီက ဆဌမမြောက်နေ့အဖြစ် ရန်ကုန်မြို့၊ ရွှေလီ လမ်းရှိ မြန်မာနိုင်ငံငြိမ်း ချမ်းရေး ပြန်လည် ထူထောင် ရေး လုပ်ငန်းဗဟိုဌာန (MPC)၌ ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) နောက်ဆုံးမူကြမ်း တွင် အခန်း (၇) ခန်း၊ အပိုဒ် (၃၀) နှင့် အပိုဒ်ခွဲပေါင်း (၈၁) ခုပါရှိသည်။ UPWC နှင့် NCCT တို့၏ (၇) ကြိမ်မြောက်ဆွေးနွေးပွဲ ခြောက်ရက်တာ ကာလ အတွင်း NCA စာချုပ်ပါ အခန်း (၇)ခန်းလုံးအား ဆွေးနွေး ညှိနှိုင်းနိုင် ခဲ့ပြီး ပြန်လည်သုံး သပ်နိုင်ခဲ့သည်။ နှစ်ဖက် ညှိနှိုင်းဆွေးနွေးရန် အချက်ကြီး တစ်ချက်နှင့် အပိုဒ်ခွဲ (၃) ခုသာ ဆွေးနွေးရန် ကျန်ရှိတော့ သည်ဟု ဆွေးနွေး ပွဲအပြီး မီဒီယာ ရှင်းလင်းပွဲ၌ MPC မှ ဦးလှမောင်ရွှေ က ပြောကြားသည်။

ဆွေးနွေးပွဲ တစ်ပတ်ကြာ ရပ်နားရခြင်းအပေါ် NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက"(၇) ကြိမ်မြောက် အစည်း အဝေးက မပြီးသေးပါဘူး။ ဆက် သွားနေတဲ့ ဖြစ်စဉ်ပါ။ ဇာတ်လမ်းတစ်ခုလိုဆိုရင် ဇာတ်ပေါင်းတဲ့ အချိန်မှာ လှလှပပ အကွက်ကျကျ ဖြစ်အောင် ပြင်ဆင်ဖို့ အနေနဲ့ (၇)ရက်ရွေ့ တာဖြစ်ပါတယ်လို့ တင်ပြချင် ပါတယ်။ (၇) ကြိမ်မြောက်NCA အစည်းအဝေး ဆုံချက်က ကျွန်တော်တို့ တော်တော်လေး ကို ပြင်ဆင်မှု ကောင်း တယ်၊ ပြည့်စုံ မှုရှိတယ်။

အင်တိုက်အားတိုက်ဖြစ်တယ်လို့ သုံးသပ်လို့ ရတယ်။ ယာယီခဏနားပြီး အပြီးသတ်ကို လှလှပပနဲ့ အပြီးသတ်နိုင်အောင် ပြင်ဆင်တာကတော့ နားလည်မှု လုပ်ပေးဖို့ အတွက်ပါ" ဟု ပြောသည်။

UPWC နှင့် NCCT တို့၏ (၇) ကြိမ်မြောက်ဆွေးနွေးပွဲ ခြောက်ရက်တာကာလ အတွင်း ပထမနေ့တွင် ပဋိပက္ခလျော့ချရေး ခေါင်းစဉ် များကိုဆွေးနွေးခဲ့သည်။ ဒုတိယနေ့တွင် နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ (Military CoC) နှင့် ယင်း စည်းမျဉ်း စည်းကမ်းများကို ပူးတွဲ
စောင့်ကြည့်ရေးကော် မတီ (Joint Monitering Committee) ဖွဲ့စည်းရေး အစရှိသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်အား အဓိကထား ဆွေးနွေး ခဲ့သည်။

တတိယနေ့တွင် အခန်း (၅)အား ဆွေးနွေး ခဲ့ပြီး ပဋိပက္ခလျော့ချရေး နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)ပါ တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေး သဘော တူညီမှုရရှိခဲ့သည်။ စတ္တုထနေ့တွင် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ် (မူကြမ်း) တွင် ပါဝင်သည့် ကျန်ရှိနေသည့် အခန်းများ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးပါက စာချုပ်အား ပူးတွဲ အကောင် အထည် ဖော်ရန် အတွက် ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စရပ်များ Structure (ဖွဲ့စည်းမှုပုံ သဏ္ဍာန်)နှင့် လမ်းပြမြေပုံ (Road Map) ကိစ္စရပ်များကို မတ်လ (၂၀) ရက်နေ့တွင် ပြုလုပ်သည့် စတုတ္ထနေ့တွင် ဆက်လက် ဆွေးနွေး ခဲ့သည်။

ပဉ္စမနေ့တွင် ယခင်နေ့ ဆွေးနွေးပွဲ၌ မပြီးပြတ်ခဲ့သည့် Road Map (လမ်းပြမြေပုံ)နှင့် အခန်း (၅) တွင် ကျန်ရှိ သည့် အချက်ငယ်နှစ်ချက်၊ အခန်း (၆)၊ အခန်း (၇) တို့ကို ဆက်လက် ဆွေးနွေးခဲ့ သည်။ ဆဋ္ဌမနေ့တွင် အခန်း (၇) ခန်းလုံးအား ဆွေးနွေးပြီး ပြန်လည်သုံးသပ်မှုပြုလုပ်နိုင်ခဲ့သည်။
၇ ကြိမ်မြောက် UPWC နှင့် NCCT တို့၏ တွေ့ဆုံးဆွေးနွေးမှုတွင် RCSS/SSA၊ ABSDF၊ နာဂနှင့် မိုင်းလား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ လေ့လာသူများ အဖြစ် တက်ရောက်ခဲ့ကြသည်။

၇ ကြိမ်မြောက် UPWC နှင့် NCCT တို့၏ တွေ့ဆုံဆွေးနွေးမှု သတ္တမနေ့အဖြစ် မတ်လ ၃၀ ရက်နေ့တွင် MPC ၌ ဆက်လက် ကျင်းပမည်ဖြစ်သည်။ NCA တွင် ကျန်ရှိနေသေးသည့်အချက်များအား NCA စာချုပ်၏ နောက်ဆုံး မူကြမ်း အဖြစ် သတ်မှတ်ကာ အပြီးသက် ဆွေးနွေးမည်ဖြစ်ကြောင်း ယနေ့ပြုလုပ် သည့် မီဒီယာ တွေ့ဆုံပွဲမှ သိရ သည်။

MOI Webportal Myanmar

No comments:

Post a Comment