Sunday 22 March 2015

ဗိုလ်ချုပ်ကြီး စောလားပွယ် တာဝန်မှ အနားယူခြင်းမဟုတ်

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) စစ်ဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးစောလားပွယ်(ခ) ဗိုလ် နှုတ်ခမ်းမွေးသည် ကျန်းမာရေးအခြေအ နေကြောင့် စစ်ရေးကိစ္စ တာဝန်အရပ်ရပ်ကို ဒုတိယစစ်ဦးစီးချုပ်သို့ လွှဲပြောင်း ပေးထားခြင်းဖြစ်ပြီး တာဝန်မှ အနားယူသွားခြင်း မဟုတ်ကြောင်း ဒုတိယစစ်ဦးစီး ချုပ် ဗိုလ်ချုပ်စောမိုရှေးက 7Day Daily အား ပြောသည်။

ဒုတိယစစ်ဦးစီးချုပ်သို့ စစ်ရေးတာဝန်များ လွှဲပြောင်းထားကြောင်း ထုတ်ပြန်ကြေညာချက် ကို ဗိုလ်ချုပ်ကြီး စောလားပွယ်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ DKBA ကလို့ထူးဘော စစ်ဌာနချုပ်က မတ်လ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်ကို DKBA မှ အဆင့်မြင့်တပ်မှူးများ အပါအ၀င် အခြေချစစ်ဗျူဟာမှူးများ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ်တို့ထံသို့လည်း မိတ္တူများ ပေးပို့ အကြောင်းကြားခဲ့ကြောင်း ကရင်အမျိုးသားမီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

‘‘ဒီနေ့ ကရင်ဘာသာနဲ့ ကြေးနန်းတစ်စောင် ထွက်ပါတယ်။ အဘစောလားပွယ်က သူကျန်းမာရေး မကောင်း တဲ့ အချိန်မှာ စစ်ရေးတာဝန်နဲ့ပတ်သက်တဲ့ကိစ္စအ၀၀ကို ကျွန်တော်ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ကြ ပါလို့ ကြေးနန်းထွက်တာပါ။ ဒါကို ဘာသာပြန်ကြတာ နည်းနည်းလွဲသွား ပုံရပါတယ်’’ ဟု ဒီကေဘီအေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးကပြောသည်။

ဗိုလ်ချုပ် စောမိုရှေးက ဒီကေဘီအေတပ်ဖွဲ့ ရာထူးနေရာနှင့်ပတ်သက်၍ လက်ရှိအခြေအနေ မှာ ထူးခြား ချက် တစ်စုံတစ်ရာ မရှိဘဲ ၎င်းကိုယ်တိုင် မူလရာထူးဖြစ်သော ဒုတိယစစ်ဦးစီးချုပ် ရာထူးကိုပင် ထမ်းဆောင်နေကြောင်း အတည်ပြုသည်။

DKBA သည် ၁၉၉၄ ခုနှစ်က KNU မှ ခွဲထွက်ကာ အစိုးရနှင့် ပူးပေါင်းခဲ့သည့် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အများစု မှာ ၂၀၁၀၊ သြဂုတ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲခဲ့သော်လည်း စောလားပွယ်ဦးဆောင်သည့် DKBA ကလို့ထူးဘော် ဗျုဟာမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကာ အစိုးရကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်ကြီး စောလားပွယ်ဦးဆောင်သည့် ကလို့ထူးဘော DKBA တပ်ဖွဲ့သည် ဦးအောင်သောင်း ခေါင်းဆောင် သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၁ ရက်က ကရင်ပြည်နယ် ဘားအံမြို့၌ နှစ်ဦးနှစ် ဖက် သဘောတူညီချက် ခြောက် ချက်ဖြင့် လက်မှတ်ရေးထိုး ခဲ့ကြပြီးနောက်ပိုင်း KNU ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သုံးသပ်ချက်ကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့သည်။

၎င်းဦးဆောင်သည့် DKBAတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲ ကျင်းပ သည့်နေ့က မြ၀တီမြို့ကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အစိုးရ အဆောက်အအုံများကို ထိန်းချုပ် နိုင်ခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ဖူးသည်။

စောလားပွယ်သည် ယခင်က DKBA တပ်မဟာ(၅)မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူဖြစ်ပြီး ကရင်ခေါင်းဆောင် စောဘဦးကြီး၏ မူလေးချက်အပေါ် အခြေခံကာ  အမျိုးသားရေးအတွက် ရပ်တည်ဆောင်ရွက်ခြင်းကြောင့် နော်ဝေးနိုင်ငံအခြေစိုက် ဘက်မလိုက်ကရင်အဖွဲ့မှ ချီးမြှင့်သော ကရင့်ဒီမိုကရေစီ သူရဲကောင်း ဆုကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလက ရရှိခဲ့သေးသည်။  ဗိုလ်ချုပ်ကြီးစောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်းမွေးကို ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်မတ်လအတွင်းက ဖမ်းဆီးရန် ၀ရမ်းထုတ်ပြန်ဖူးပြီး ထိုင်းဘတ်ငွေတစ် သန်း ကြေညာခံရကာ နောက်ပိုင်းတွင် ထိုင်းအစိုးရဘက်မှ ပြန်လည်တောင်းပန်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထိုစဉ်က ထိုင်းအစိုးရဘက်ကအလိုရှိသော မူးယစ်ရာဇာ ၂၅ ဦးစာရင်းထုတ်ပြန်ခဲ့ရာ ဗိုလ်ချုပ်စောလားပွယ်အမည် ပါဝင်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ၎င်းက DKBA ရှေ့တန်းစခန်းဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာသို့ ထိုင်းနှင့် မြန်မာမီဒီယာ သမားများအား ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၎င်းသည် လည်ချောင်းနှင့်ပတ်သက်သည့် ကင်ဆာရောဂါဝေဒနာ ခံစားနေရသူဖြစ်၍ ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ဆေးကုသခဲ့ပြီး မကြာသေးမီကပင် စင်ကာပူနိုင်ငံသို့သွားရောက်၍ ဆေးကုသမှုခံယူခဲ့သည်။ ဆေးကုသမှုခံယူ၍ ၉၅ ရာခိုင်နှုန်းထိ ပြန်လည်ကောင်းမွန်လာပြီးနောက် တောတွင်းဌာနချုပ်တွင်သာ ပြုလုပ်လေ့ရှိသော ၎င်း၏ (၅၂) နှစ်မြောက်မွေးနေ့ပွဲကို၂၀၁၄ ဇူလိုင်က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ Dolphin စားသောက်ဆိုင်၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။

7Day DAILY

No comments:

Post a Comment