Sunday 1 February 2015

KIA အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်မောင်း အပါအ၀င် ၄ ဦး ထိမှန်ဒဏ်ရာရရှိ




ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာ အ၀င်၌ ဇန်န၀ါရီ ၃၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ချိန်ခန့်တွင် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ယာဉ်ေ မာင်း စုစုပေါင်း ၄ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရ ရှိသည်။
အဆိုပါဖြစ်စဉ်မှာ တောင်းကော့ကျေးရွာနှင့် ကောင်ဆန်ကျေးရွာလမ်းဆုံအနီးရှိ စိန်လုံတောင်တန်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝန်းအတွင်းမှ မော်တော် ယာဉ် ၂ စီးဖြင့် ထွက်ခွာလာသော ရဲတပ်ဖွဲ့ဝင် များအား ယင်းကျေးရွာအ၀င်တွင် KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိရဲအရာရှိတစ်ဦးထံမှ သိရသည်။
“ ကားလမ်းရဲ့ ဘယ်ဘက်ခြမ်းကနေ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်တာပါ၊ လာတဲ့ ယာဉ်နှစ်စီးအနက် နောက်ယာဉ်တစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကားဆရာအပါ လေးယောက်ကတော့ ထိခိုက် ဒဏ်ရာရရှိသွားကြတယ် ” ဟု ကိုယ်တွေ့ကြုံခဲ့ရသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ရဲတပ်သား ၃ ဦးနှင့် ယာဉ်မောင်း ဦးဇင်မောင် တို့သည် အသီးသီးဒဏ်ရာ ရရှိခဲ့ပြီး ဖားကန့်မြို့၊ ပြည်သူ့ဆေး ရုံတွင် ဆေးကု သမှုခံယူလျက်ရှိကြောင်း သိရသည်။
KIA အဖွဲ့သည် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား ဖမ်းဆီး ထိန်းသိမ်းမှု ဖြစ်စဉ် ကြောင့် တပ်မတော်စစ်ကြောင်းများနှင့် ဇန်န၀ါရီ ပထမ ပတ်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ရဲစခန်း၊ ရဲကင်း၊ လမ်း၊ တံတား၊ ကျောက် မျက်တူးဖော်ရေးကုမ္ပဏီဝန်ထမ်းများ၊ မြို့ပေါ်လူနေရပ်ကွက်၊ လမ်းဆုံများတွင် မိုင်းထောင်ဖောက်ခွဲမှုများကို ဆက်တိုက်ပြုလုပ်လိုက်ရာ နယ်မြေဒေသနှင့် ပြည်သူ လူထု၏ လုံခြုံရေးအတွက် စိုးရိမ်စရာအနေ အထားဖြစ်ကြောင်း ဖားကန့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောကြားသွားပါသည်။
ထွန်းနေအောင်(ဖားကန့်)

No comments:

Post a Comment