Sunday 1 February 2015

အနာဂတ် ခရီးသည်တင် လေယာဉ်များတွင် မိနစ်အလိုက် အချက်ပြလှိုင်း ထုတ်လွှင့်သည့်စနစ် တပ်ဆင်ရန် ရည်ရွယ်


အနာဂတ်ကာလ၌ ခရီးသည်တင် လေယာဉ်များတွင် မိနစ်အလိုက် အချက်ပြ လှိုင်းများ ထုတ်လွှင့်ပေးနေသည့် စနစ်မျိုး တပ်ဆင်သွားဖွယ် ရှိနေကြောင်း သိရှိရသည်။
တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက် ပျံသန်းနေသည့် ခရီးသည်တင် လေယာဉ်များတွင် မိနစ်ပိုင်းမျှ သတ်မှတ်အချိန်တစ်ခု ကုန်ဆုံးသွားတိုင်း အချက်ပြလှိုင်းများ ထုတ် လွှင့်သော စနစ်မျိုးကို တပ်ဆင်လိုက်ခြင်းဖြင့် လေယာဉ်ပျက်ကျချိန်၌ ကယ် ဆယ်ရေးများက ပိုမိုလျင်မြန် လွယ်ကူစွာ ရှာဖွေနိုင်မည် ဖြစ်သည်။ အဆိုပါ စံနှုန်းသတ်မှတ်ချက် စည်းမျဉ်းသစ်ကို ယခုနှစ်ကုန်ပိုင်းခန့်တွင် အတည်ပြု ကျင့်သုံးနိုင်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီ တစ်ခုဖြစ်သည့် နိုင်ငံတကာ အရပ်ဘက်လေကြောင်း အဖွဲ့ကြီး (ICAO)က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်၊ မတ်လ ၈ ရက်က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်းစဉ် အကြောင်းရင်းမသိ ပျောက်ဆုံး သွားသည့် MH370 ခရီးသည်တင် လေယာဉ် သည် တစ်နှစ်နီးပါး ကြာလာသည်အထိ ပြန်လည် ရှာမတွေ့တော့ သည့်နောက် ယင်းကိစ္စကို အခြေခံကာ ယခုစနစ်သစ်ကို စဉ်းစားလာခြင်း ဖြစ်သည်။
မလေးရှား လေကြောင်းပိုင်း MH370သည် ခရီးသည်နှင့် အမှုထမ်း (၂၃၉)ဦးကို တင်ဆောင်ကာ အိန္ဒိယ သမုဒ္ဒရာဘက် ပျံသန်းရင်း ပျက်ကျသွားသည်ဟု ယူဆရေ သ်ာလည်း လေယာဉ်ပျက်ကို လုံးဝ ရှာမတွေ့တော့ချေ။
လတ်တလောတွင် ခရီးသည်တင် လေယာဉ်များ၏ ပျံသန်းမှု လမ်းကြောင်းကို ရေဒါများက ခြေရာခံ ထောက်လှမ်း နိုင်သော်လည်း ပင်လယ်ထဲ ပျက်ကျသွားသည့် အချိန်တွင်ဖြစ်စေ၊ ကန့်သတ်ထားသည့် အမြင့်ပေအောက် နိမ့်ကျ ပျံသန်းနေ ချိန်တွင်ဖြစ်စေ ရေဒါက မဖမ်းယူနိုင်တော့ချေ။ စည်းမျဉ်းသစ်အရ လေယာဉ် တစ်စီးသည် (၁၅)မိနစ်ကြာ တိုင်း မိခင်လေကြောင်းလိုင်းနှင့် ချိတ်ဆက်ထားသည့် အချက်ပြလှိုင်းများကို ထုတ်လွှင့်ပေးရမည် ဖြစ်သည်။
အကယ်၍ လေယာဉ် ရုတ်တရက် လမ်းကြောင်းပြောင်း ပျံသန်းခြင်းကဲ့သို့ ကိစ္စမျိုး အပါအဝင် ပုံမှန်မဟုတ်သော အခြေအနေ တစ်ရပ်ရပ် ဖြစ်လာသည် အချက်ပြ လှိုင်း ထုတ်လွှင့်မှုသည် တစ်မိနစ် တစ်ကြိမ်ထိ မြန်ဆန်လာ မည် ဖြစ် သည်။ ထို့ကြောင့် လေယာဉ်၏ အရေးပေါ်အခြေအနေ တွေ့ကြုံမှုကို သက်ဆိုင်ရာ လေကြောင်းလိုင်းက ပိုမိုလျင်မြန်စွာ တုံ့ပြန် ကိုင်တွယ်နိုင် မည် ဖြစ်သည်။
“အရေးပေါ် အခြေအနေတစ်ရပ် ဖြစ်လာပြီ ဆိုတာနဲ့ မိနစ်တိုင်းမှာ လေယာဉ်ရဲ့ အနေအထားကို ခြေရာခံမိနေနိုင်ဖို့ ရည်ရွယ်ပါတယ်။ ရေတို ကာလတစ်ခုစာ အတွက်တော့ ဒီနည်းလမ်းဟာ အကျိုးသက်ရောက်မှု အရှိဆုံး ဖြစ်နိုင်တယ်”ဟု ICAOမှ ပညာရှင် တစ်ဦးက မှတ်ချက်ပြုခဲ့သည်။
ထို့အပြင် ICAOက အရေးပေါ် အခြေအနေတစ်ရပ် ကြုံလာ သည်နှင့် လေယာဉ်မှ ပျံသန်းရေး မှတ်တမ်းတင် ကိရိယာ Black Box များကို ပြင်ပသို့ တွန်းထုတ်လိုက်သည့် စနစ်မျိုး ကျင့်သုံးရန် သင့်မသင့် လေကြောင်းလိုင်းများနှင့် ဆွေးနွေးသွားမည် ဖြစ်သည်။ Black Box များသည် ရေပေါ်တွင် ပေါ်နေအောင် စီမံထားမည်ဖြစ်ပြီး ပိုမိုလျင်မြန် လွယ်ကူစွာ ရှာဖွေ တွေ့ရှိနိုင်စေမည်ဟု သိရှိရသည်။
7 Day Daily

No comments:

Post a Comment