Sunday 1 February 2015

ဧက ၁၀၀ ကျော် ကျယ်ဝန်းသော သမိုင်းဝင် ကျိုက္ကဆံကွင်းကို အား/ကာ ၀န်ကြီး ဌာနမှတစ်ဆင့် စီးပွားဖြစ် အထပ်မြင့် အဆောက်အအုံ လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်မှု အလွှာအသီးသီးက ၀ိုင်းဝန်း ကန့်ကွက်




ဗိုလ်ချုပ်အောင်ဆန်း လူထုစည်းအဝေးပွဲ လုပ်ဖူးတဲ့ သိမ်ဖြူ အားကစားကွင်းကို ပုဂ္ဂလိက လက်ကိုအပ် စီးပွားဖြစ်ကွန်ဒို ပြောင်းလဲတည်ဆောက်ခွင့် ပေးပြီး တဲ့နောက် အခု ဧက ၁၀၀ ကျော် ကျယ်ဝန်းတဲ့ သမိုင်းဝင် ကျိုက္ကဆံကွင်းကြီးကို အားကစား ၀န်ကြီးဌာနက တစ်ဆင့် ပုဂ္ဂလိက ကုမ္ပဏီ အချို့က စီးပွားဖြစ် လုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်ဖို့ စီစဉ်နေကြ ပြန်ပါတယ်။
ရန်ကုန်မှာ ပန်းခြံ ၆၃ ခု၊ ကစားကွင်း ၉၉ ခုလို့ ဆိုပေမယ့် စာရင်းအဖြစ်ပဲ ရှိနေပြီး တကယ် လောက်လောက်လားလား အပန်းဖြေနိုင်တဲ့ ပန်းခြံနဲ့က လက်နှစ်ဖက် မပြည့်ပါဘူး။

ပန်းခြံနဲ့ ကစားကွင်းတွေ ရှားပါးလာတဲ့ ရန်ကုန်မြို့မှာ ဧကကျယ်ကျယ်နဲ့ အများပြည်သူအတွက် နေရာလပ် ကျန်တာဆိုလို့ သမိုင်းဝင် ကျိုက္ကဆံကွင်း တစ်ခုပဲ ရှိပါတော့တယ်။ ကျန်တဲ့ မြေကွက်ကျယ်တွေကတော့ လုပ်ငန်းရှင်တွေက အုပ်ချုပ်သူ အဆက်ဆက်နဲ့ ပေါင်းပြီး အမွေခွဲသလို ခွဲယူထားလို့ မကျန် သလောက်ပါပဲ။ အခု တစ်ခုတည်းကျန်တဲ့ သမိုင်းဝင် ကွင်းကြီးကိုပါ စီးပွားဖြစ်လုပ်ဖို့ စီစဉ်နေတာပါ။

အများပြည်သူကိုလည်း ချပြမှု လုံးဝမရှိ၊ လွှတ်တော်ကိုလည်း လုံးဝ အသိမပေးဘဲ လုပ်မယ့် ကုမ္ပဏီက နိုင်ငံတော်သမ္မတထံကို လုပ်ကိုင်ခွင့်ပြုဖို့ အဆိုပြုလွှာတောင် တင်ထားပြီးပြီလို့ သိရပါတယ်။

ဒီပုံစံက ဘာနဲ့တူသလဲ ဆိုတော့ ခွင့်ပြုချက်ရပြီး လုပ်တော့မယ်ဆိုမှ ပြည်သူနဲ့ လွှတ်တော် သိခွင့်ရလိုက်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ခွင့်ရဖို့ လုပ်သွားတဲ့ပုံစံ၊ လက်သိပ်ထိုး ပုံစံနဲ့ အတူတူပါပဲ။
ဒီသတင်း အပေါ်မှာ အလွှာအသီးသီးက ပညာရှင်တွေ၊ လွှတ်တော် ကိုယ်စား လှယ်တွေကပါ လုံးဝ ကန့်ကွက်ကြောင်းနဲ့ တကယ်လို့ ခွင့်ပြုပေးခဲ့တယ် ဆိုရင် ခွင့်ပြုတဲ့သူဟာ ဘယ်အစိုးရ လက်ထက်ရောက်ရောက် တာဝန်ယူရမယ်လို့ ထုတ်ဖော်ပြောတဲ့အထိ ကန့်ကွက်ပြောကြား လာကြပါတယ်။

ကျိုက္ကဆံကွင်းဟာ ဗြိတိသျှ လက်ထက်က စလို့ တပ်မတော်အစိုးရ လက်ထက် အဆုံး သမိုင်းမှတ်တမ်းတွေ ရှိခဲ့တဲ့ ကွင်းဖြစ်ပြီး ဧက ၁၀၀ ကျော်အထိ ကျယ်ပါ တယ်။

ဗြိတိသျှ လက်အောက်တုန်းက မြင်းပြိုင်ပွဲလုပ်ခဲ့တဲ့ အထင်ကရ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်ရောက်တော့ မြင်းကွင်းကို ဖျက်ပြီး လူထုစုဝေးနိုင်တဲ့ ကွင်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ကျိုက္ကဆံ ကွင်းကြီးထဲမှာ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ အလုပ် သမားနေ့လိုမျိုး အထင်ကရ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။

အလုပ်သမားတွေအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အလုပ်သမား ညီလာခံ ကျင်းပခဲ့တာဟာလည်း ကျိုက္ကဆံကွင်းကြီးထဲမှာပဲ လုပ်ခဲ့တာပါ။

ပြည်ထောင်စုနေ့မှာဆိုရင် တိုင်းနဲ့ပြည်နယ်၊ တောင်ပေါ်မြေပြန့် အားလုံး၊ တစ်နိုင်ငံလုံးက ပြည်ထောင်စု ကိုယ်စားလှယ်တွေဟာ လာရောက်စုဝေးပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို အကြီးအကျယ် ကျင်းပခဲ့တာကလည်း ဒီ ကျိုက္ကဆံကွင်းကြီးထဲမှာ ဖြစ်ပါတယ်။

ကွယ်လွန်သွားတဲ့ ဦးသန့် ရုပ်ကလာပ်ကို ၁၉၇၄ ခုနှစ်တုန်းက အမေရိကန်ကနေ ပြန်လည် သယ်ဆောင်လာပြီးတဲ့နောက် ကျိုက္ကဆံကွင်းထဲမှာပဲ ထားခဲ့တဲ့ သမိုင်းလည်း ရှိခဲ့တာပါ။

နောက်ဆုံး တပ်မတော်အစိုးရ လက်ထက် ၁၉၉၃ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့အတွက် အမျိုးသားညီလာခံ စပြီး ကျင်းပတာကလည်း ကျိုက္ကဆံ ကွင်းထဲမှာပဲ စပြီး ကျင်းပခဲ့တာ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျိုက္ကဆံကွင်းဟာ သမိုင်းကြောင်း ရှိခဲ့တဲ့ကွင်း ဖြစ်ပြီး လက်ရှိ ရန်ကုန်မှာ အများပြည်သူ အတွက်လည်း တစ်ခုတည်းကျန်တဲ့ မြေကွက်လပ် တစ်ခုပါ။

ခေါင်းစဉ်က အားကစားမြှင့်တင်ဖို့ လုပ်မှာက စီးပွားဖြစ်

အခု သမိုင်းဝင် ကျိုက္ကဆံကွင်းကို အားကာသိပ္ပံကို နိုင်ငံတကာ အဆင့်မြှင့်တင်ပေးမယ့် ခေါင်းစဉ်တပ်ပြီး တကယ်ကတော့ စီးပွားဖြစ် လုပ်ငန်းတွေပါ လုပ်ကိုင်ဖို့ စီစဉ်လာကြတာပါ။

ဂျပန်နိုင်ငံက Raysum Co., Ltd၊ Ikeya Corporation နှင့် မြန်မာနိုင်ငံဘက်မှ Mariana Investment Pte.Ltd တို့ ပူးပေါင်းပြီး စင်ကာပူနိုင်ငံမှာ Kyaik Ka San Land Development Pte.Ltd ဆို ပြီး ကုမ္ပဏီ မှတ်ပုံတင်ခဲ့ကြပါတယ်။

Mariana Investment Pte.Ltd ဆိုတာက မြန်မာနိုင်ငံက သစ်လုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ Diamond Mercury ကုမ္ပဏီအုပ်စုက ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး လုပ်ငန်းရှင်က ဦးစိန်လွင် ဖြစ်ပါတယ်။

ဂျပန်နဲ့ မြန်မာ ပေါင်းထားတဲ့ Kyaik Ka San Land Development Pte.Ltd က ကျိုက္ကဆံကွင်းထဲက အားကာသိပ္ပံကို နိုင်ငံတကာ အဆင့်မြှင့်တင်ပေးမယ်၊ ကျန်တဲ့ မြေကွက်လွတ်တွေမှာတော့ ရှော့ပင်းစင်တာတွေ၊ စူပါမားကတ်တွေအပြင် စီးပွားဖြစ်ဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်လုပ်ကိုင်မယ့် Central Business District (CBD) မြို့ တည်ထောင်လုပ်ကိုင်ဖို့အထိ စီစဉ်ထားတာပါ။

အားကစားနဲ့ မသက်ဆိုင်တဲ့ အလုပ်တွေ၊ အများပြည်သူ အပန်းဖြေတာနဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းတွေပါ လုပ်ဖို့တင်ပြတဲ့အပေါ် အားကစားကွင်းတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တာဝန်ယူထားတဲ့ အားကစား ၀န်ကြီးဌာနကလည်း ကန့်ကွက်မှု မရှိဘူး။ နိုင်ငံတော် သမ္မတထံ လုပ်ကိုင်ခွင့်ပြုဖို့ တင်ပြတာကိုလည်း သဘောတူခဲ့ပါတယ်။

Kyaik Ka San Land Development Pte.Ltd ၏ ဒုတိယဥက္ကဋ္ဌ၊ Diamond Mercury ကုမ္ပဏီအုပ်စု၏ လုပ်ငန်းရှင် ဦးစိန်လွင်က “ဒီအားကစားသိပ္ပံကြီးကို ဖွင့်လိုက်ရင် ဒီကျောင်းမှာရှိတဲ့ ကျောင်းသားတွေအတွက် အထပ်မြင့်တွေ၊ အထပ်မြင့်မြင့်နဲ့ အဲယားကွန်းတွေ နေထိုင်မှု အဆင့်မြင့်မြင့်တွေ အကုန်ပါတော့ ၀န်ကြီးကတော့ လက်ခံပါတယ်။ ပိုတဲ့မြေကို CBD လုပ်မှလည်း မြေကြီးက တန်ဖိုးရှိမှာလေ။ ဒါကလည်း နိုင်ငံတော်အတွက် Land Mark တစ်ခု ပေါ်လာ မှာလေ။ ၂၆ ရက်က ၀န်ကြီးချုပ်လည်း ပါတယ်။ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌလည်း ပါတယ်။ နောက်တစ်ခါ မြို့တော်ဝန်လည်း ပါတယ်။ နောက်ပြီး စီးပွားရေးဝန်ကြီးပေါ့ ရန်ကုန်ကပေါ့။ သူတို့ကို ရှင်းပြတယ်။ သူတို့ကလည်း လက်ခံတယ်။ အဲဒါ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို သွားရှင်းပြတာ။ အားကစားဝန်ကြီးတွေကို ထပ်ရှင်းပြတယ်။ နောက်ဆုံး ထွက်လာတဲ့ အခါ ကျတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြတယ်။ အဲဒါပြီးတော့ သစ်တော ၀န်ကြီးကို တင်ပြတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဓိက ရည်ရွယ်ချက်က အလုပ်အကိုင် အခွင့်အလမ်းတွေရှိပြီး နည်းပညာနဲ့ အရင်းအနှီးတွေ ၀င်လာမယ်၊ နိုင်ငံအတွက် Land Mark တစ်ခု ပေါ်လာနိုင်တဲ့ အတွက်ကြောင့် လုပ်တာလို့ ဦးစိန်လွင်က ရှင်းပြခဲ့ပါသေးတယ်။

လက်ရှိမှာတော့ သမ္မတထံကို အဆိုပြုလွှာ ရောက်သွားပြီး သမ္မတ ခွင့်ပြုတာနဲ့ ကျိုက္ကဆံကွင်းကြီးဟာ အားကစားအဆင့်မြှင့်မှု ခေါင်းစဉ်နဲ့အတူ စီးပွားဖြစ် လုပ်ကိုင်ခံရမယ့် နေရာအဖြစ် ပြောင်းသွားတော့မှာပါ။

ဘာကြောင့်လဲ အား/ကာ

ဒီနေရာမှာ သတိထားစရာ တစ်ခုက နိုင်ငံတော်က ချမှတ်ထားတဲ့ တင်ဒါမူဝါဒ နဲ့လည်း မဟုတ်ဘူး။ တင်ဒါခေါ်ယူတာမျိုးလည်း မဟုတ်ဘဲ လာရောက်တင်ပြတဲ့ အဆိုပြုလွှာ၊ အားကစားနဲ့ မပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေပါ ပါဝင်လုပ် ကိုင်မယ့် အဆိုပြုလွှာ၊ အားကစားသီးသန့် စီမံကိန်း မဟုတ်တဲ့ အဆိုပြုလွှာကို ဘာကြောင့် အားကစားဝန်ကြီးဌာနက မကန့်ကွက်တာလဲဆိုတာ မေးခွန်း ထုတ်စရာ ကောင်းနေပါတယ်။

ပြင်ပမှာလည်း လက်ရှိ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်လုပ်ကိုင်ခဲ့တဲ့ ACE ကုမ္ပဏီ(ယခု ဦးဖြိုးကိုကိုတင့်ဆန်း လုပ်ကိုင်နေ) နဲ့ ပတ်သက်တယ်လို့ သတင်းတွေ ထွက်လာခဲ့တာလည်း ရှိနေတဲ့အတွက် ဘာကြောင့် မကန့်ကွက်ရတာလဲဆိုတဲ့ မေးခွန်းက မေးစရာ ကောင်းခဲ့တာပါ။

ACE ကုမ္ပဏီ ဆိုတာကလည်း နေပြည်တော်က ကျပ်ဘီလျံ ရာပေါင်းများစွာ သုံးစွဲပြီးဆောက်ခဲ့တဲ့ လွှတ်တော်အဆောက်အအုံ စီမံကိန်း၊ ပျဉ်းမနားက ပေါင်းလောင်းအားကစားကွင်း၊ သပြေကုန်းက အစိုးရ ၀န်ထမ်းအိမ်ရာ၊ အဆင့်မြင့်ဈေး၊ ဒက္ခိဏသီရိမြို့မှာ တိုက်ခန်းတွဲပေါင်းများစွာ ဆောက်ခွင့်ရခဲ့တဲ့ ကုမ္ပဏီပါ။

လွှတ်တော်အဆောက်အအုံကြီးကို ဆောက်တုန်းက အကြမ်းထည်အဆင့်တင် ကျပ်သန်းပေါင်း ၃၀၀၀၀၀ အထိ ကုန်ကျခဲ့တာကို ကြည့်တာနဲ့တင် (အချော သပ်စာ ကုန်ကျစရိတ် မထုတ်ပြန်) ACE ကုမ္ပဏီရတဲ့ စီမံကိန်းတွေဟာ ဘယ်လောက် ကြီးမားခဲ့တယ်ဆိုတာ၊ တည်ဆောက်ခွင့်ရလို့ အကျိုးအမြတ် ဘယ်လောက်အထိ ရခဲ့တယ်ဆိုတာ ခန့်မှန်းနိုင်ကြမှာပါ။

ဒါ့ထက်ပိုပြီး နီးနီးစပ်စပ် ပြရရင် ဘာတင်ဒါမှ ခေါ်စရာမလိုဘဲ ကျပ်သန်း ၃၀၀၀ အကုန်အကျခံဆောက်တဲ့ ဗိုလ်ရှုခံ ဆောက်လုပ်ခွင့်ကိုလည်း ACE ကုမ္ပဏီကပဲ ရခဲ့တာကိုကြည့်ရင် ACE ကုမ္ပဏီဟာ လုပ်ပိုင်ခွင့် ဘယ်လောက်ရခဲ့သလဲ ဆိုတာကို ခန့်မှန်းနိုင်ကြမှာပါ။

ACE Group ရဲ့အောက်မှာလည်း ဆောက်လုပ်ရေးအပြင် ဟိုတယ်၊ ခရီးသွား၊ Trading၊ မီဒီယာလုပ်ငန်းတွေအပြင် အခြားလုပ်ငန်းတွေပါ လုပ်ကိုင်နေတဲ့ ကြီးမားတဲ့ ကုမ္ပဏီအုပ်စု တစ်ခုပါ။

ကြီးမားတဲ့ ကုမ္ပဏီအုပ်စုဖြစ်လို့ ကျိုက္ကဆံကွင်း စီမံကိန်းလို ကြီးမားတဲ့ စီမံကိန်းမှာ ACE ပါနိုင်တယ်လို့ အသံထွက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက ဆီးဂိမ်းစ်ပြိုင်ပွဲ အကြိုလှုံ့ဆော်တဲ့လုပ်ငန်း လုပ်ကိုင်ခွင့်ပေးတဲ့ အခါမှာလည်း ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်လုပ်ကိုင်ခဲ့တဲ့ ACE အုပ်စုအောက်မှာ ရှိတဲ့ ADMA Media ကပါ လုပ်ကိုင်ခွင့် ရသွားတာမျိုးကလည်း ရှိထားတော့ ဒီလိုစီမံကိန်းမှာ ACE ပါတယ်လို့ အသံထွက်လာတာလည်း ဖြစ်မှာပေါ့။

ဒါပေမဲ့ ဦးစိန်လွင်ကတော့ ကုမ္ပဏီချင်းကတော့ ရင်းနှီးပေမယ့် ငွေကြေးကိစ္စ အားလုံး ACE နဲ့ မပတ်သက်ဘူး၊ အရင်းအနှီးကလည်း ဂျပန်ဘက်က စိုက် ထုတ်မယ်၊ ဒေါ်လာဘီလျံနဲ့ချီပြီး မြှုပ်နှံမယ်လို့ ACE နဲ့ မပတ်သက်ကြောင်း ပြောကြားခဲ့တယ်။

မပတ်သက်ဘူး ဆိုပေမယ့် မကန့်ကွက်ခဲ့တာ၊ သဘောတူတာ၊ ဂျပန်ကို သွားရောက်လေ့လာခဲ့တဲ့ အနေအထားကို ကြည့်ရင်တော့ မပြေးသော်လည်း ကန်ရာရှိ ဆိုသလို အားကစားဝန်ကြီးဌာနဟာ ကျိုက္ကဆံကွင်း စီမံကိန်းကို လုပ်ချင်တဲ့ဘက်မှာ ရှိနေတယ်ဆိုတာ ညွှန်ပြနေပါတယ်။

နိုင်ငံတော်က ဘတ်ဂျက်ပေါင်းများ စွာချထားပေးပြီး တည်ဆောက်ခဲ့တဲ့ စီမံကိန်း ကြီးပေါင်းများစွာ ဆောက်ခွင့်ရပေမယ့် ACE အနေနဲ့ကတော့ ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ထုတ်တဲ့ ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးစာရင်း၊ အခု နောက်ဆုံးထုတ်ပြန်တဲ့ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ ဦးစာရင်းမှာ ပါဝင်လာခြင်း မရှိပါဘူး။ အခု နောက်ဆုံးထုတ်ပြန်တာမှာတော့ အချိန်နောက်ကျပြီးမှ အခွန်ပေးဆောင်တဲ့ စာရင်းမှာတော့ ပါဝင်ပြီး ကျပ်သန်း ၂၀၀၀ အောက် ပေးဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။

အားကစားဝန်ကြီးဌာန အနေနဲ့ အခုလို သမိုင်းဝင်နေရာကို စီမံကိန်းလုပ်တဲ့ ကိစ္စမျိုးထက် ဥပမာ - အောင်ဆန်းကွင်းမှာ ဆိုင်ခန်းပေါင်း ၃၂၁ ခန်းရှိတယ်။ တစ်ခန်းကို ပျမ်းမျှ တစ်လ ကျပ် ၁၂၀၀၀ ကျော်ပဲ နိုင်ငံတော်က ငှားခရတယ်။ ဒီလို နည်းပါးလွန်းတဲ့ ငှားခတွေကို ခေတ်နဲ့အညီ ပြင်ဆင်ဖို့ လုပ်သင့်တာပါ။

ပြည်သူတွေရဲ့ ဆန္ဒ ပြည်သူတွေရဲ့ အသံကတော့ . . .

ကျိုက္ကဆံကွင်းကြီးကို အားကစားနဲ့ မပတ်သက်၊ အများပြည်သူနဲ့ မပတ်သက်တဲ့ စီးပွားဖြစ် လုပ်ငန်းတွေပါ ထည့်လုပ်ဖို့ စီစဉ်တဲ့ အပေါ်မှာတော့ လွှတ်တော် ကိုယ်စားလှယ်၊ မြို့ပြပညာရှင်၊ အားကစားပညာရှင်နဲ့ အလွှာအသီးသီးကတော့ ကန့်ကွက်တယ်၊ ပေးခဲ့ရင်တောင် ပေးခဲ့တဲ့သူက သမိုင်းတရားခံ၊ ဒီလို ပွင့်လင်း မှုမရှိဘဲ ပေးလိုက်မယ်ဆိုရင် နောင်အစိုးရ လက်ထက် အဆက်ဆက်ထိ ပေးခဲ့တဲ့ သူတွေ တာဝန်ယူရမယ်၊ တာဝန်ခံရမယ် ဆိုတဲ့အထိ ထုတ်ဖော်ပြောကြား ကန့်ကွက်ခဲ့ကြပါတယ်။

ဒေါက်တာညိုညိုသင်း (ဗဟန်းမဲဆန္ဒနယ်-၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်

“ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ က အတိအလင်း ဖော်ပြထားတယ်။ တိုင်းဒေသကြီးအတွင်းမှာ စီမံဆောင်ရွက်မယ့် စီမံကိန်းများကို လွှတ်တော်သို့ တင်ပြပြီးမှ ဆောင်ရွက်ရမယ်လို့ ဖော်ပြပြီးသား။ နိုင်ငံတော်သမ္မတကို မတင်ခင်မှာ သူတို့က ကျွန်မတို့ လွှတ်တော်မှာ အတည်ပြုချက် ယူကိုယူရမယ်။ လွှတ်တော်ကော်မတီက ဆွေးနွေးတာတွေ၊ တင်ဒါကော်မတီကို စစ်တာတွေ၊ အဲဒါတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးတော့မှ တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုဆုံးဖြတ်ပြီးမှ နိုင်ငံတော်သမ္မတက လက်ခံစဉ်းစားသင့်တယ်လေ”

“အခုလိုမျိုး (ကျိုက္ကဆံကွင်းစီမံကိန်း) သေချာတယ်ဆိုရင် ကျွန်မတို့က နိုင်ငံတော်သမ္မတကြီးကို ပြောရမှာပဲလေ။ မဖြစ်သင့်တဲ့အကြောင်း၊ တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးထားခြင်း မရှိဘဲနဲ့ ကုမ္ပဏီတစ်ခုက တင်ပြတာဟာ မဖြစ်ထိုက်ကြောင်း၊ ကျိုက္ကဆံကွင်းက ပြည်သူလူထု ဝင်ကစားဖို့ အပန်းဖြေဖို့ ချန်ထားရမယ့်နေရာဆိုတာ ကျွန်မပြောဖူးတယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စမို့ ပြောတာပါ။ မြို့ရဲ့လက္ခဏာလို့ ပြောလို့လည်း ရပါတယ်။ ပြည်သူတွေအတွက် အရေးပေါ်နေရာဆိုလည်း ဟုတ်တယ်။ အဲဒီမြေတွေကို သူတို့လုပ်လို့ မရဘူး။ ကျွန်မကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှာပဲ။ ဗြိတိန်ကတောင် ထိန်းသိမ်းပြီး ထားခဲ့တဲ့နေရာလေ။ နောက်ပြီး အခုလိုပေးမယ်ဆိုရင်တော့ (ခွင့်ပြုလိုက်မည်ဆိုပါက) ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကြည့်ရင် ဘယ်လိုမှမညီဘူး။ ကျွန်မတို့က အဲဒါမလုပ်ရင် အစိုးရအဖွဲ့ကို ပြစ်တင်ရှုတ်ချတဲ့အဆို တင်သွင်းလို့ရတယ်။ ပန်းခြံတွေ ကစားကွင်းတွေကို ကုမ္ပဏီတွေပေးပြီးလုပ်ခိုင်းတဲ့ စီမံကိန်းတွေဟာ ရပ်သင့်နေပြီ။ ဘာမြေမှမပေးတော့ဘဲ ရှိထားတဲ့မြေတွေကိုတောင် ပြန်သိမ်းရမယ့် အနေအထား။ ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ရုံ စတာတွေကို ပြည်သူပိုင်မြေအဖြစ် ပြန်တောင်းရတော့မှာပါ။အစိုးရတစ်ရပ်ဟာ ကိုယ်တာဝန်ယူတဲ့ ကာလအတွင်းမှာ မလုပ်သင့် မလုပ်ထိုက်တာတွေကို လုပ်ခဲ့ရင် နောင်အစိုးရလက်ထက်မှာ ပြန်ပြီးတာဝန်ခံရမှာ။ တာဝန်ယူရမှာပါ”

ဦးခင်မောင်ထွေး (ပျဉ်းမနား)

“အားကစား၊ ပြည်သူ အပန်းဖြေနေရာကလွဲပြီး စီးပွားရေးလုပ်ပစ်မယ်ဆိုရင်တော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲ။ ပြည်သူသိအောင် ဖွင့်ချမယ်။ အားကစားကွင်းတွေက တိုးမလာတဲ့အပြင် ရှိတာတွေပါ ပြန်ဆုတ်ယုတ်ကုန်တယ်။ သိမ်ဖြူကွင်း၊ တောင်ဥက္ကလာကွင်း၊ ရန်ကင်း၊ တာမွေရာပြည့်ကွင်း၊ သင်္ဃန်းကျွန်း အကုန်ဖျက်ပစ်တယ်။ အခု ကျိုက္ကဆံကို လုပ်မယ်ဆိုရင်တော့ လုံးဝကိုလက်မခံဘူး။ အခု လူငယ်တွေဟာ ဆေးလိပ်၊ ကွမ်း၊ အရက်၊ ဘီယာကအစ မူးယစ်ဆေးဝါးအဆုံး ဒါတွေနဲ့ပဲသုံးပြီး ဆုတ်ယုတ်လာတယ်။ လူငယ်တွေ ဒီလိုမဖြစ်ဖို့ အားကစားက အဓိကအရေးပါတယ်။ အားကစားကွင်းတွေထဲ လူငယ်တွေ ရောက်လာအောင် လုပ်ပေးရမှာ။ လုပ်ဖို့အတွက် အားကစားကွင်းတွေ ရှိဖို့လိုတယ်။ အခုက တိုးမလာတဲ့အပြင် ပြန်ဆုတ်ယုတ်နေတယ်။ ကျိုက္ကဆံကွင်းကို အားကစားကွင်း ဒါမှမဟုတ် အများပြည်သူနဲ့ သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘဲ စီးပွားရေးလုပ်ခွင့် ပေးလိုက်မယ်ဆိုရင်တော့ ပေးလိုက်တဲ့သူတွေဟာ အဲဒီလူငယ်တွေရဲ့ အနာဂတ်တွေကို ဖျက်ဆီးပစ်တဲ့ သမိုင်းတရားခံတွေပဲ။ ရန်ကုန်မှာ ရှော့ပင်းစင်တာတွေ ဒီလောက်ပေါနေတာ ထပ်ဆောက်ဖို့ လိုသေးလား။ ဒီနေရာမှာဆောက်မှပဲ ရမှာလား။ ကျိုက္ကဆံကွင်းဆိုတာ အမှတ်မမှားဘူးဆိုရင် ၁၉၆၃ ခုနှစ်မှာ မြင်းပြိုင်ကွင်းကို ဖျက်ပြီး လူထု လူတန်းစားအသီးသီး စုဝေးနိုင်တဲ့ကွင်း၊ အားကစားကွင်းအဖြစ် ပြောင်းလိုက်တာ။ ဒီကွင်းထဲမှာပဲ ပြည်ထောင်စုနေ့၊ အလုပ်သမားနေ့၊ တောင်သူလယ်သမားနေ့တွေ ကျင်းပခဲ့တဲ့ သမိုင်းရှိတဲ့ ကွင်း။ အားကစားနဲ့ပတ်သက်တာ၊ အများပြည်သူ အပန်းဖြေတာမျိုးနဲ့ ပတ်သက်တာကလွဲပြီး စီးပွားရေးလုပ်တာ လုံးဝလက်မခံဘူး”

ဦးထင်အောင် (ကာယပညာတက္ကသိုလ်၊ ဂျာမနီ)

အသက် ၉၆ နှစ်အရွယ်ရှိ ဂျာမနီ ကာယပညာတက္ကသိုလ်အထိ သွားရောက်ပညာသင်ကြားခဲ့သည့် ဆရာဦးထင်အောင်က “အဘ ဒီကိစ္စ ကြားလိုက်တာနဲ့ ရင်ထဲ နင့်ခနဲနေသွားတာပဲ။ ကျိုက္ကဆံကွင်းဟာ သမိုင်းအကြောင်းအရာတွေရှိတဲ့ ကွင်းပါ။ လူထုလူတန်းစားမျိုးစုံ စုဝေးနိုင်တဲ့ တစ်ခုတည်းကျန်တဲ့ကွင်းပါ။ နိုင်ငံတော်နဲ့ဆိုင်တဲ့ အခမ်းအနားပေါင်းစုံ ကျင်းပခဲ့တဲ့ သမိုင်းဝင်ကွင်းပါ။ အားကစားကွင်းမရှိရင် ဘာဖြစ်မလဲ။ ဥပမာ-ကာယပညာဆရာတွေ မွေးထုတ်ပေးတဲ့ ရန်ကင်းအားကစားကွင်းကိုဖျက်ပြီး အဆောက်အအုံတွေ ဆောက်လိုက်ကြတယ်။ အဲဒီအားကစားကွင်းကဆိုရင် ဆန်နီတင်ထွန်းတို့၊ မောင်အောင်တို့လို မြန်မာ့လက်ရွေးစင် အားကစားသမားပေါင်းများစွာ ပေါ်ထွက်ခဲ့တဲ့ကွင်း။ အားကစားကွင်း မရှိတော့ ဘာမှထွက်မလာတော့ဘူး။ အဘအနေနဲ့တော့ အားကစားကွင်းကို ရှော့ပင်းစင်တာ ဆောက်တာမျိုး လုံးဝလက်မခံဘူး ကန့်ကွက်တယ်။ ဒါကိုပေးလိုက်မယ်ဆိုရင် နိုင်ငံရဲ့အနာဂတ် အားကစားတိုးတက်မှု၊ အားကစားသမားကောင်းတွေ ပေါ်ထွက်လာမယ့် အခြေခံအုတ်မြစ်တွေကို ရိုက်ချိုးလိုက်တာပဲ။ ပေးတဲ့သူတွေ၊ ရောင်းတဲ့သူတွေဟာ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်တွေကို ရိုက်ချိုးလိုက်တာပဲ”ဟု ပြောကြားသည်။

ဦးမော်လင်း (မြန်မာနိုင်ငံဗိသုကာအသင်း)

“ဒီကိစ္စက လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ ကျွန်တော်ကတော့ လုံးဝ သဘောမတူဘူး။ ရန်ကုန်မှာ အများပြည်သူ စုဝေးနိုင်တဲ့နေရာ၊ အားကစားကွင်းတွေ ရှားနေပြီ။ ပညာရှင်အနေနဲ့ပြောရရင်လည်း Procedure လုံးဝလွဲတဲ့ လုပ်ပုံလုပ်နည်းပါပဲ။ တကယ်ဆို Master Plan ဆွဲရမယ်။ ပညာရှင်အစုအဖွဲ့တွေပါဝင်ပြီး ဆွဲရမှာ။ ပြီးရင် အများပြည်သူကို ချပြရမယ်။ ဥပမာ- လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ၊ ပညာရှင်အဖွဲ့အစည်းတွေက ဝိုင်းဝန်းဆွေးနွေးရမယ်။ ဆွေးနွေးပြီးမှ လုပ်သင့် မလုပ်သင့်ဆိုတာ ထွက်လာမယ်။
လုပ်သင့်တယ်ဆိုမှ ဘယ်လိုလူတွေနဲ့ အကောင်အထည်ဖော်မယ်၊ တင်ဒါ ဘယ်လိုခေါ်မယ်၊ ဘယ်လိုရွေးချယ်ပြီး လုပ်မယ်ဆိုတာ ဖြစ်ရမှာ။ ဒါပေမဲ့ ကျိုက္ကဆံလိုနေရာမျိုးကတော့ လုံးဝကို မလုပ်သင့်တဲ့နေရာပါ။ ကျွန်တော်တို့ကတော့ သဘောမတူပါဘူး။ အများပြည်သူပိုင်အဖြစ်ထားပြီး အများပြည်သူ လိုအပ်တာမျိုးလုပ်ဖို့အတွက် ထားကိုထားရမှာပါ။ သိမ်ဖြူလိုကွင်းမျိုးတောင် ရမယ်ဆို အများပြည်သူပိုင်အဖြစ် ပြန်ယူရမှာပါ”

ဦးဝင်းကြိုင် (မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်)

“သုံးချက် စဉ်းစားလို့ရပါတယ်။ တစ်အချက် မလုပ်ဘဲဒီအတိုင်းထားရမယ်။ နိုင်ငံတော်အတွက် တကယ်အကျိုးအမြတ်ရှိလို့ လုပ်မယ်ဆိုရင်လည်း တင်ဒါခေါ်ပြီး ပွင့်လင်းမြင်သာစွာ ချပြပြီးမှ လုပ်ရမယ်။ နောက်ဆုံးတစ်ချက်ကတော့ ဒီနေရာမှာ ရှော့ပင်းစင်တာတွေ ချက်ချင်းဆောက်ရလောက်အောင် လိုအပ်နေသလား။ မဖြစ်မနေလုပ်မှ နိုင်ငံအတွက် ဖြစ်မှာလား။ မလိုဘူးဆိုရင် အလျင်အမြန်လုပ်စရာ မလိုဘူး။ နောင်အစိုးရလက်ထက်ရောက်မှ ဆက်လုပ်လည်း ရတာပဲ။ အခုတင်ထားတဲ့အတိုင်း ခွင့်ပြုလိုက်မယ်ဆိုရင်တော့ အစိုးရအနေနဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ မလုပ်ဘဲနဲ့ ချန်ထားတာတော့ အကောင်းဆုံးပါ”

ဦးသန်းမောင် (စစ်တွေ) ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်

“ဒါအများပြည်သူနဲ့ သက်ဆိုင်တဲ့ သမိုင်းဝင်ကွင်း၊ အများပြည်သူဆိုင်ရာ နေရာလပ်တစ်ခုအဖြစ်ပဲ ထားရမယ့်ကွင်းပါ။ ဒါက အရင်ကတည်းက နာမည်ကျော် အားကစားကွင်းနေရာ။ နောက် ခေတ်အဆက်ဆက် လူထုအစည်းအဝေးပွဲတွေ လုပ်ခဲ့တဲ့ သမိုင်းဝင်နေရာလည်း ဖြစ်တယ်။ ကျိုက္ကဆံကွင်းနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်မှာလည်း အသံထွက်ခဲ့သေးတယ်။ အရင်အစိုးရ လက်ထက်မှာဆိုရင် လုပ်ချင်ရင် လုပ်ပစ်လိုက်လို့ရတယ်။ ဒါပေမဲ့ သူတို့တောင် မလုပ်သင့်တဲ့ကိစ္စဖြစ်လို့ ထားခဲ့တာ။ ဒီလိုနေရာကို အခုလို လုပ်မယ်ဆိုရင်တော့ ဒီကိစ္စကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ်တောင် တင်သွင်းပြီး မေးမြန်းရှင်းလင်းရမယ့်ကိစ္စပါ”

ဒေါက်တာကျော်လတ် (ရန်ကုန်မြို့ပြ ပညာရှင်)

“အများပြည်သူ အနားယူအပန်းဖြေကြမယ့် နေရာအဖြစ်ပဲ လုပ်သင့်တာပေါ့။ အခု ကျိုက္ကဆံကွင်းကြီးကို ပေးပစ်မယ်ဆိုတာ ခက်တာပေါ့။ မီဒီယာတွေ ရေးကြ၊ ကန့်ကွက်ကြပါ။ ဝန်ကြီးဌာနပိုင်မြေမို့လို့ ထင်ပါတယ်။ မလုပ်သင့်ဘူး။ အခုရန်ကုန်မြို့မှာ Green Area အရမ်းရှားနေတဲ့အချိန်မှာ အခုဆိုလည်းပဲ တရားဝင်လား မဝင်လားမသိဘူး။ အဲဒီထဲမှာ အားကစားလုပ်နေတဲ့သူတွေ အများကြီးရှိတာပဲ။ မလုပ်သင့်ပါဘူး”

ကိုမြအေး (၈၈ ငြိမ်းပွင့်)

“ရန်ကုန်မြို့မှာ ပြည်သူလူထုရဲ့အပန်းဖြေဖို့ ပန်းခြံဆိုတာ ဘာမှလောက်လောက် လားလားမရှိဘူး။ ဒါကတော့ ဗိုလ်ချုပ်ပန်းခြံနဲ့ မဟာဗန္ဓုလပန်းခြံလောက် ရှိပါတယ်။ အခုက ပန်းခြံဆိုရင်လည်း အဆောက်အအုံတွေ တည်ဆောက်။ သိမ်ဖြူကွင်းဆိုရင်လည်း သမိုင်းဆိုင်ရာအရေးကြီးတဲ့ ကွင်းကြီးပဲ။ ကစားကွင်းတစ်ခုလို့လဲပြောလို့မရဘူးဗျ။ ဗိုလ်ချုပ်အောင်ဆန်း လူထုစည်းဝေးပွဲနေရာ ပြောလို့ရတယ်ဗျ။ အခုဒီမှာလည်း ကွန်ဒိုတွေဖြစ်နေပြီဗျ။ ကျိုက္ကဆံကွင်းကိုလည်း အခုလိုလုပ်မယ်ဆိုရင် ကျွန်တော်တို့ကတော့ သဘောမတူဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အားကစားနဲ့ပတ်သက်တဲ့ပုံစံမျိုး လုပ်တယ်ဆိုလည်း တစ်မျိုးဗျာ။ အခုက လက်သိပ်ထိုးပြီး တင်ဒါမခေါ်ဘဲ ပေးမယ်ဆိုရင်ပေါ့။ သိပ်အဓိပ္ပာယ်မရှိဘူးဗျာ။ အားကစားနဲ့မပတ်သက်ဘဲနဲ့ ကျန်တာဟာ လုပ်တာကိုက ရန်ကုန်မြို့မှာနေတဲ့ လူထုရဲ့မွန်းကျပ်နေမှုတွေကို ထည့်စဉ်းစားပါ။ အားကစားတွေလုပ်ဖို့ ကွင်းတွေဘာတွေ ထားရပါတယ်။ ကျွန်တော်တို့ကတော့ ဒီလုပ်ရပ်ကို မကြိုက်ဘူးဗျာ။ သဘောမတူဘူး။ အစိုးရရဲ့ပုံစံက လက်သိပ်ထိုး စီးပွားရေးတစ်ခုထဲပဲလုပ်မယ်ဆိုရင် ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဒါကတော့ တစ်ပိုင်းပေါ့ နောက်တစ်ခုက အများပြည်သူနဲ့ဆိုင်တဲ့အတွက် ကန့်ကွက်ဖို့အတွက် စဉ်းစားမှာပါ။ဆောက်သင့်တဲ့နေရာမှာ ဆောက်တာကို ကျွန်တော်တို့အနေနဲ့ ဘာမှကန့်ကွက်မှာ မဟုတ်ပါဘူး။ အခုက အစိုးရရဲ့ ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒနဲ့ လည်း ပြောင်းပြန်ကြီး ဖြစ်နေတယ်လေ”

ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“ကျိုက္ကဆံကွင်းဆိုတာ အင်္ဂလိပ်ခေတ်က မြင်းပြိုင်ကွင်းပေါ့။ မြင်းပြိုင်ကွင်းဆိုတာ ဟိုခေတ်ဟိုအခါရဲ့ အထိမ်းအမှတ်နေရာ တစ်ခုပေါ့။ နောက် တော်လှန်ရေးကောင်စီတက်တော့ ဒီနေရာက အလုပ်သမား လယ်သမား ပြည်ထောင်စုနေ့ အခမ်းအနားတွေ ကျင်းပခဲ့တဲ့ နေရာပေါ့။ လူထုလူတန်းစား၊ အဖွဲ့အစည်းကြီးတွေနဲ့ဆိုင်တဲ့ အခမ်းအနားကြီးတွေကို ရန်ကုန်မြို့မှာ ဒီနေရာမှာ ကျင်းပခဲ့တာ။ နောက်ဆုံး တပ်မတော်အစိုးရလက်ထက်ပိုင်းမှာ ပြောရင်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံရဲ့ ပဏာမ ခင်းကျင်းတဲ့အခင်းအကျင်းဟာလည်း ဒီကျိုက္ကဆံကွင်းမှာပဲ။ ၁၉၉၃ ခုနှစ်က ကျင်းပခဲ့တော့ ကျွန်တော်ကိုယ်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ် ကျိုက္ကဆံကွင်းမှာ ကျင်းပတဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့တာပေါ့။ ဒါ့ကြောင့် ကျိုက္ကဆံကွင်းက ကိုလိုနီခေတ်ကနေ တော်လှန်ရေးကောင်စီခေတ်အထိ လက်ရှိ တပ်မတော်အစိုးရလက်ထက်မှာလည်း တစ်စုံတစ်ရာ သမိုင်းမှတ်တိုင်၊ ဖြစ်ရပ်တွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ နေရာဖြစ်တယ်။ ဒီကွင်းကြီးက သမိုင်းအငွေ့အသက်ရှိတဲ့အတွက် ပုဂ္ဂလိက လက်ဝယ်ကို ထားမယ့်အစား အများပြည်သူအတွက် ထိန်းသိမ်းသင့်တယ်။ အများပြည်သူအကျိုးစီးပွားအတွက် မလုပ်ဘဲ ကိုယ့်အတွက်လုပ်မယ်ဆိုရင် သမိုင်းတရားခံဖြစ်မှာပဲ”

ဒေါ်ခင်စန်းလှိုင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

“ ဒီလို သမိုင်းဝင် အရေးပါတဲ့နေရာကို ရောင်းစားတာ၊ လွှဲပြောင်းတာ မဖြစ်စေချင်ဘူး။ အစမှာတော့ အများပြည်သူအတွက်ဆိုပြီး လုပ်ကြမှာပဲ။ အဲဒီလိုပြောပြီး လုပ်မယ်ဆိုရင်လည်း ပြည်သူကို အသိမပေးဘဲ မလုပ်သင့်ဘူး။ ပြည်သူကို အရင်ပြောသင့်တယ်။ နိုင်ငံတကာစီမံကိန်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပြည်သူသဘောမတူရင် မလုပ်သင့်ဘူး။ ဒီလိုလုပ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ညီမှာမဟုတ်ဘူး”

တာဝန်ယူမှု၊ တာဝန်ခံမှု

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ မှာ “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စု အစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်သော် လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်” လို့ ဖော်ပြထားပါတယ်။

အစိုးရသစ်တာဝန်ယူတဲ့ ၂ဝ၁၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး ၂ဝ၁၆ ခုနှစ် မတ် ၃၁ ရက်အတွင်း နိုင်ငံတော်သမ္မတကစပြီး တာဝန်ရှိသူ အားလုံးဟာ ကိုယ်လုပ်ခဲ့တာတွေအတွက် နောက်အစိုးရလက်ထက်ရောက်လည်း တာဝန်ယူကြရမှာ ဖြစ်ပါတယ်။

အခု ရန်ကုန်မြို့မှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြေကွက်တွေကို စီမံကိန်းပေါင်းများစွာခေါင်းစဉ်နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေလက်ထဲအပ်ခဲ့တာ အများအပြားပါ။

အဲဒီလို ချထားပေးတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးဆိုရင် ခွင့်ပြုပေးခဲ့တဲ့သူတွေဟာ သူတို့ကိုယ်တိုင် တာဝန်ပြန်ယူကြရမယ်၊ ရှင်းလင်းကြရမှာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပေးလို့ရတယ်ဆိုပြီးတော့လည်း ပေးချင်တိုင်း ပေးလို့မရတာတွေ ရှိပါတယ်။ အခုသမိုင်းဝင် ကျိုက္ကဆံကွင်းဟာ ပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့ကွင်းဖြစ်လို့ ပေးကိုပေးလို့ မရတဲ့နေရာ၊ မပေးဘဲ ထိန်းသိမ်းထားရမယ့် နေရာပါ။

အစိုးရသစ်အနေနဲ့ သက်တမ်း တစ်နှစ်ဝန်းကျင်ပဲ ကျန်တယ်။ အများနဲ့ဆိုင်တဲ့ မြေကွက်တွေလည်း အစိုးရလက်ထဲမှာ မကျန်သလောက် ဖြစ်လာပြီ။ လက်ကျန် တစ်နှစ်ဝန်းကျင်အတွင်းမှာ ရသလောက် ထိုးပေးသွားဦးမလား၊ ချန်ထားပေးခဲ့မလား၊ ထိုးပေးပေး ချန်ထားထား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ ကတော့ ရှိနေဦးမှာဖြစ်သလိုနောက် အစိုးရလက်ထက်အထိ ပေးခဲ့တဲ့သူတွေပဲ တာဝန်ခံရမှာပါ။

Eleven Media Group

No comments:

Post a Comment