Monday, 8 December 2014

ATM စက်များ ဖောက်ထွင်းခံရမှုရှိသော်လည်း အသုံးပြုသူများ ထိခိုက်နစ်နာမှု မရှိနိုင်ဟုဆို

ပြည်တွင်းရှိ ATM စက်များကို နိုင်ငံတကာ Credit Card အ တုများဖြင့် ဖောက်ထွင်းခံရမှု ဖြစ်စဉ်ကြောင့် ပြည်တွင်းရှိ ATM ကတ် အသုံးပြုသူများအနေဖြင့် အကြောင်းတစ်စုံတစ်ရာ ထိခိုက်နစ်နာမှုရှိမည် မဟုတ် ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများက ပြောသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အ တွင်း ပြည်တွင်းဘဏ်အချို့ရှိ ATM စက် များအတွင်းမှ စုစုပေါင်း ငွေ သိန်း ၂ဝဝ ခန့်ကို နိုင်ငံခြားသားနှစ်ဦးမှ နိုင်ငံတကာသုံး Credit Card အတုဖြင့် ဖောက်ထွင်း ခိုးယူမှုဖြစ်ပွား ခဲ့သည်။

သို့သော်ယင်း ဖြစ်စဉ်မှာ ပြည်တွင်းရှိ ATM သုံးစွဲသူများအပေါ် ထိခိုက်မှုမရှိနိုင်ကြောင်း ပြည်ပနိုင်ငံများ တွင်လည်းမကြာခဏ ဖြစ်ပွားလေ့ရှိသောပြဿနာတစ်ရပ်ဖြစ်ကြောင်း ပြည် တွင်းဘဏ်လုပ်ငန်း ကျွမ်းကျင် သူများထံမှ သိရသည်။

ပြည်တွင်းတွင် သုံးစွဲနေသော MPU နှင့် ATM ကတ်များမှာ နိုင်ငံတကာ တွင်သုံးစွဲနေသော Chip Card အမျိုးအ စားဖြစ်ပြီး အတုပြုလုပ်ရန် ခက်ခဲကြောင်း ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။

''ဒါက နိုင်ငံတကာမှာ ဖြစ်လဲဖြစ် နေကြပါပဲ။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ နိုင်ငံတကာမှာ သုံးစွဲနေ သေးတဲ့ ဖလင်ပြားကိုဖတ်ပြီး ငွေထုတ်တဲ့ ကတ်ကို အတုလုပ်ပြီး အကောင့်အတုနဲ့ ဖောက်ထွင်း သွားတာပါ။ ဒါက ဘယ်သူ့မှာတာဝန်ရှိလဲဆိုတော့ ပြောရခက်တယ်။ ATM စက်ကို အာမခံပေးတဲ့ကုမ္ပဏီက ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာစစ်ဆေးမယ်။ ပြည်တွင်းမှာ ATM ကတ် ကိုင်သူတွေအနေနဲ့ ဆုံးရှုံးမှုတော့ မဖြစ်နိုင် ပါဘူး။ အဓိက,က ဘဏ် တွေက ခိုးထုတ်သွားတဲ့သူကို ကင်မရာက နေ ဖော်ထုတ်မယ်၊ ဖမ်းဆီးမယ်။ ပြီးရင် တရားစွဲရမယ်။ ဒီလုပ်ငန်းစဉ်တွေတော့ ရှိပါ တယ်''ဟု CB ဘဏ်၏ IT မန်နေဂျာဖြစ် သူ ကိုဇေယျာအောင် က ရှင်းပြသည်။

ATM ကတ်ထုတ်လုပ်ရာတွင် နည်းပညာနှစ်မျိုးရှိပြီး Magstripe Card (ဖလင်ပြားပေါ်တွင် သံလိုက်ဖြင့် ဖတ်သည့် ကတ်)နှင့်Chip Card (Chip)ပြားကိုသာ ဖတ်သည့် စနစ်ဖြစ်ပြီး နောက်ပိုင်းတွင် လုံခြုံမှု ကောင်းမွန်ပြီး အတုပြုလုပ်ရန်ခက်ခဲ သည့် Chip Card ကိုသာ အသုံးပြုလာကြ ကြောင်း သိရသည်။

''Chip နဲ့ ဖတ်တဲ့စနစ်ကိုပဲ နိုင်ငံ တကာက အသုံးပြုလာပါပြီ။ မြန်မာနိုင်ငံမှာ လဲ ဒီနည်းကိုပဲ သုံးတာပါ။ ဒါပေမဲ့ အနောက်နိုင်ငံမှာ ဘဏ်တွေက ကတ်ကိုသန်းလေးဆယ်၊ ငါးဆယ်လောက် ထုတ်နေရတော့ အရင်ကတ်စနစ်ကို အသုံးပြုတဲ့ စနစ်တွေကတော့ ရှိနေတုန်းပဲ။ အတုတွေကတော့ လောလောဆယ် ရှိနေဦးမှာပဲ။ ဒီတော့ ကျွန်တော်တို့က ကာကွယ်လို့ပဲရမယ်။ ကတ်အမှန်က ထုတ်ပေးနိုင်ရမယ်။ ပင်နံပါတ် ကိုပဲဖတ်ရမယ်။ နိုင်ငံတကာမှာလဲ ဒီလိုပဲလုပ် ဆောင်နေကြတာပါ။ အခု ကျွန်တော်တို့လဲ နောက်နှစ်ထဲမှာ Chip ကိုပဲဖတ်တဲ့ ATM စနစ်ကိုပဲ အသုံးပြုသွားဖို့ စီစဉ်နေပါတယ်''ဟု ကိုဇေယျာအောင်က ဖလားဝါးနယူးစ် သို့ ပြောသည်။

ယခုကဲ့သို့ ATM စက်များကို နိုင်ငံတကာ ကတ်အသုံးပြုသူ နိုင်ငံခြားသား များ ဖောက်ထွင်းမှုရှိလာသည့် အတွက် စက် များတွင် တပ်ဆင်ထားသည့် လုံခြုံရေးစနစ် များကို တိုးမြှင့်ဆောင်ရွက်သင့်နေပြီ ဖြစ် ကြောင်း ပြည်တွင်းပုဂ္ဂလိက ဘဏ်များပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကမ္ဘောဇဘဏ် မှ အကြီးတန်း အကြံပေး အရာရှိ ဦးသန်းလွင် က ပြောသည်။

ဘဏ်များအနေဖြင့် ATM စက်များလုံခြုံမှုရှိစေရန် စက်များကိုနေ့စဉ်စစ် ဆေးခြင်း၊ စောင့်ကြည့် ကင်မရာ များ ဖြစ် သော စီစီတီဗွီကင်မရာများကို လက်လှမ်း မမီနိုင်သော နေရာများတွင် ထားရှိခြင်း၊ ဘဏ်လုံခြုံရေး ပုဂ္ဂိုလ်များကို စနစ်တကျ စောင့်ကြည့်စေခြင်းတို့ကို ပြုလုပ်ရမည်ဖြစ် ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင် သူများက ပြောသည်။

Yangon Media Group 

No comments:

Post a comment