Monday 8 December 2014

RCSS/SSA နှင့် တပ်မတော် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား

ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသ တချို့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာကြောင်း ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) မှ သတင်း ရရှိသည်။ ကျိုင်းတုံ ဆက်ဆံရေးရုံးအား တပ်မတော်မှ ၀င်ရောက် ရှာဖွေမှုကြောင့် RCSS/SSA နှင့် တပ်မတော်တို့ အကြား ပြဿနာ ဖြစ်ပွားခဲ့ ပြီးနောက် သြဂုတ်လ အတွင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC)နှင့် RCSS/SSA နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။ ယင်းသို့ တွေ့ဆုံ ပြီးနောက်ပိုင်း RCSS/SSA နှင့် တပ်မတော် တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း RCSS/SSA မှ သိရသည်။ အခုတလော ကျွန်တော်တို့ ဒေသတွေနဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ တပ်မတော်က အင်အား ပိုချလာတယ်။ ကျွန်တော်တို့က တောထဲမှာ နေတော့ သူတို့တောထဲ ၀င်လာတော့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိလာတယ်။

တပ်မတော်နဲ့ ကျွန်တော်တို့ တိုက်ပွဲတွေ မဖြစ်တာ တော်တော်ကိုကြာ နေပြီ။ အခု တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာတဲ့ သဘောရှိတယ် ဟု RCSS/SSA မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း က The Messenger Media သို့ပြောသည်။ ယခုလ (၁) ရက်နေ့တွင် RCSS/SSA တပ်ဖွဲ့မှ ကျောက်မဲတွင် မူးယစ်ဆေးဝါး တရားခံ တစ်ယောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးထိန်းသိမ်း ထားစဉ် တရားခံ၏ သားက ယင်းဒေသရှိ ခလရ (၅၀၂) ကို သွားရောက် တိုင်ကြားခဲ့ကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယခုလ (၄) ရက်နေ့ နံနက် (၁) နာရီ အချိန်ခန့်တွင် တပ်မတော်နှင့် RCSS/SSA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး RCSS/SSA မှ တပ်သား နှစ်ဦး ကျဆုံးခဲ့ကြောင်း RCSS/SSA မှ သိရသည်။

လက်ရှိ အချိန်ထိတော့ ကျွန်တော်တို့ ဆီကို စာမရောက် သေးဘူး။ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး လုပ်တဲ့ အချိန် မှာတော့ အောက်ခြေ တိုက်ပွဲလေးတွေ ကတော့ ရှိနေ ဦးမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံရေး ဆွေးနွေးပွဲ ကျရင် ဒါတွေကို ဆွေးနွေးမယ်။ နောက်ပိုင်းတော့ ကျွန်တော်တို့ တိုက်ပွဲတွေ ရှိလာ တော့မှာ မဟုတ်တော့ဘူး ဟု မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) အကြီးတန်း အရာ ရှိ ဦးလှမောင်ရွှေက The Messenger Media သို့ပြောသည်။

နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ကွမ်ဟိန်း ဒေသနှင့် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ဒေသ တစ်နေရာတွင် တပ်မတော် နှင့် RCSS/SSA တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားမှုများနှင့် ပတ်သက်၍ ယခု ရက်ပိုင်း၌ RCSS/SSA ဌာန ချုပ်တွင် RCSS/SSA ထိပ်ပိုင်း ခေါင်းဆောင်များ အစည်းအဝေး တစ်ရပ် ကျင်းပပြီး UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းထံ အကြောင်းကြားစာ ပေးပို့ သွားမည် ဖြစ်ကြောင်း RCSS/SSA မှ သိရသည်။

Messenger News Journal

No comments:

Post a Comment