Monday 8 December 2014

အာဏာရှင်ဟောင်း ဦးနေ၀င်း၏မြေးများလည်း တက်ရောက်သည့် ကျဆုံး စစ်သည်များအား ဂုဏ်ပြုအခမ်းအနား ရန်ကုန်မြို့ရှိ သူရဲကောင်း စစ်သည်ဗိမာန်၌ ကျင်းပ

ကျဆုံးစစ်သည်များအား ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်လာသော ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည် တို့အား ရန်ကုန်မြို့ရှိ သူရဲကောင်း စစ်သည် ဗိမာန်၌ အတူတွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေးများလည်း တက်ရောက်သည့် တပ်မတော် မှ ကျဆုံးစစ်သည်များအား ဂုဏ်ပြုသည့် အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံစေတီ တောင်မြောက်ဘက်မုခ် အနီးရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ ကျင်းပခဲ့ရာ ကျဆုံးစစ်သည်များ၏ မိသားစု ဝင်များ၊ စစ်မှုထမ်းဟောင်းများ အပါအဝင် တက်ရောက်သူ ၇ဝဝဝ ခန့်ရှိကြောင်း အခမ်းအနားကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အခမ်းအနားကို တပ်မတော်သား အငြိမ်းစားများက ဦးဆောင်၍ ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ်ကျင်းပနိုင် ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းပြည်အတွက် အသက်ပေးလှူ သွားသော သူရဲ ကောင်းစစ်သည်များအား လွမ်းသူပန်းခွေချခြင်း၊ အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နှစ်မိနစ် ငြိမ် သက်ခြင်း၊ တပ်မတော်၏ သမိုင်းအစဉ်အလာများနှင့် ပတ်သက်၍ ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများဖြစ်သည့် ဦးအေးနေဝင်းနှင့် ဦးကျော်နေဝင်း တို့လည်း တက်ရောက်ခဲ့ကြရာ ဦးကျော်နေဝင်းက “ကျွန်တော်တို့နိုင်ငံမှာ တပ်မတော်ဆိုတာ ဖြစ်မလာရင်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ စခဲ့တဲ့ တပ်မတော်ဆိုတာ မရှိရင် လွတ်လပ်ရေးဆိုတာ ဒီအချိန်ထိ ရစရာမရှိပါဘူး။ ဒီတပ်မတော်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျွန်တော်တို့အဘိုးတို့ လုပ်ခဲ့လို့ ဒီနေ့ဒီအချိန်မှာ လွတ်လပ်တဲ့ နိုင်ငံတော်ကြီးဆီကို ရောက်နေတာပါ။ နောက်တစ်ခုကလည်း ကျွန်တော်တို့က မွေးလာကတည်းက ဘားတိုက် ထဲမှာ ရဲဘော်တွေကြားထဲမှာ ကြီးလာတဲ့သူတွေပါ။ ဒီလိုမျိုး ရဲဘော်တွေကြားမှာ ကြီးလာတဲ့ အတွက် ရဲဘော်တွေနဲ့ တစ်သွေးတစ်သံ တစ်မိန့်တည်း တစ်သားတည်းလို့ ယူဆတဲ့အတွက်ကြောင့် ဒီနေ့ ဒီပွဲလေးကို တက်ဖြစ်တာပါ။ ဒီလိုပွဲမျိုးကို တက်ရတာ အရမ်းလည်း ဂုဏ်ယူပါတယ်။ ဒီလိုပွဲမျိုးကို နောက် ပိုင်းမှာ အမြဲတမ်းလုပ်မယ်လို့ ယူဆပါတယ်။ နောက်တစ်ခုက ကျွန်တော့်ကိုယ်ကျွန်တော်လည်း ကျွန်တော် ထောင်က ထွက်တဲ့နေ့က ပြောပြီးသားပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီနေ့ဒီအချိန်ထိ စစ်ခွေးလို့ပဲ သတ်မှတ် ထားပါတယ်။ တပ်မတော်က ဒီနေ့လက်ပေးဆိုလည်း ပေးလိုက်မှာပဲ။ ကိုက်ဆိုလည်း ကျွန်တော် ကိုက်လိုက်မယ့် လူမျိုးပါ။ အဲဒါကြောင့် တပ်မတော်ကို ဂုဏ်ပြုတဲ့ပွဲမျိုးမှာ ကျွန်တော်တက်ရောက်ခွင့် ရတဲ့အတွက် အရမ်းလည်း ဂုဏ်ယူပါတယ်” ဟု ပြောကြားသည်။

တိုက်ပွဲများကြောင့် နှစ်ဖက်စစ်သားများ ကျဆုံးနေမှုများ ရပ်တန့်အောင် (သို့မဟုတ်) နည်းသွားအောင် မည်ကဲ့သို့ ဆောင်ရွက်ရန် လိုအပ်သလဲဟု မေးမြန်းရာ ဦးကျော်နေဝင်းက “ကျွန်တော့်အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့က ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်မှုအပေါ်မှာ ကျွန်တော်တို့ ရဲဘော် တွေ တပ်မိသားစုတွေဆိုတာ အရန်သင့် အမြဲတမ်း ရှိနေတဲ့သူပါ။ ဒီကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်အတိုင်း ပဲ လုပ်ကြရမှာပါ။ ကျွန်တော့်အနေနဲ့ ပြောလည်း ပြောပိုင်ခွင့်မရှိပါဘူး။ ကျွန်တော်တို့က အောက်လက် ငယ်သားတွေ ဖြစ်တဲ့အတွက် တပ်မတော်က ခိုင်းစေတဲ့အတိုင်း တပ်မတော်က အမိန့်ပေးတဲ့အတိုင်း ကျွန်တော်တို့လုပ်မှာပါ။ ပြဿနာမရှိပါဘူး” ဟု ဖြေကြားသည်။

၂ဝ၁၃ ခုနှစ် ဩဂုတ်လက ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲတွင် ကျဆုံးခဲ့သော ဗိုလ်ဇော်မျိုးထက်၏ မိခင်ဖြစ်သူ ဒေါ်တင်မေဦးက တိုင်းရင်းသားအချင်းချင်း သွေးကွဲနေပါက အခြား နိုင်ငံများက အမြတ်ထုတ်သွားလိမ့်မည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်နှင့် တပ်မတော် ခွဲခြားမမြင်သည့် တစ်ဖက်မြင် နိုင်ငံရေး အမြတ်ထုတ်လိုသူများ၏ ပယောဂကြောင့် အညတရ စစ်သူရဲကောင်းတို့၏ စွန့်လွှတ် မှုများ အစွန်းအထင်း ဖြစ်ခဲ့ရသည်ဟု ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment