Monday 27 October 2014

ဘာဝဘေး ကြိုတင်သတိပေးစင်တာ ရန်ကုန်တွင် ဖွင့်မည်

ရုတ်တရက် ကျရောက်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ကြိုတင် ကာကွယ်နိုင်သော ဘေးအန္တရာယ် များအတွက် သတိပေးကြေညာမည့် ဌာနကို ရန်ကုန်မြို့တော်ရှိ ကြက်ခြေနီ ရုံးခွဲတွင် ယခုနှစ်ကုန်၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဘေးဒုက္ခ စီမံခန့်ခွဲရေးဌာန ညှိနှိုင်းရေးမှူး ဦးကျော်ဆန်းဝင်း က ပြောကြားသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဦးစီးဆောင်ရွက်သော အရေးပေါ်ကွပ်ကဲမှု စင်တာ (Emergency Operation Center-EOC) သည် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ရရှိသော သတင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ ကြေညာသွားရန်စီစဉ်ထားကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ကြိုတင်ပြင်ဆင်ရမည့် အစီအစဉ်များအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်လည်း ပူးပေါင်းသွား မည် ဖြစ်ကြောင်း၊ အမေရိကန် ကြက်ခြေအနီအသင်းက နည်းပညာနှင့် ငွေကြေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရှိရသည်။

အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ရေးဆွဲခဲ့ပြီး ယခုနှစ် အောက်တိုဘာလက နေပြည်တော်တွင် အရေးပေါ်ကွပ်ကဲမှု ကြက်ခြေနီစင်တာကို ကြိုတင်ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ဦးကျော်ဆန်းဝင်းက ဆို သည်။

လက်ရှိတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လူဦးရေ ၁၅၀ ကျော်ကို သင်ကြားပေးပြီး ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ဘေးအန္တရာယ်ပေါင်း ၃၆၀ ခု ဖြစ်ပွားသည့်အနက် လူပေါင်း တစ်သန်းနီးပါး သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ခဲ့ရပြီး အမေရိကန်ဒေါ်လာ ၈၉၃,၀၀၀ ခန့် ဆုံးရှုံး ခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment