Monday 27 October 2014

မြန်မာ-တရုတ်မူးယစ်ဆေးဥပဒေကွာဟချက်ပေါ် မူးယစ်ရောင်းဝယ်သူအချို့ အခွင့်အရေးယူလုပ်ကိုင်နေ

တရုတ်နှင့် မြန်မာနယ် စပ်မြို့များတွင် မူးယစ်ဆေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ ဥပဒေချင်း ကွာဟ ချက်များ ရှိသည့်အပေါ် အခွင့်ကောင်းယူကာ မူးယစ်ဆေး ရောင်းသူများက တရုတ်နိုင်ငံတွင် အခြေချ၍ မြန်မာ ဘက်သို့ စိတ်ကြွဆေးရောင်းဝယ်မှု များရှိနေကြောင်း သတင်းရရှိသည်။
‘‘မြန်မာဘက်မှာက စိတ်ကြွ ဆေးပြား သုံးဆယ်လောက်မိပြီဆိုရင် ဥပဒေအရ အရေးယူလို့ရတယ်။ တရုတ်နိုင်ငံ ဘက်ကျတော့ အဲဒီလောက်ဆိုရင် အရေးမယူဘူး။ အဲဒီတော့ တရုတ်မှာနေပြီး ဒီဘက် ကို ရောင်းတဲ့ဈေး ကွက် ဖြစ်နေတယ်’’ဟု မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူးကြီး မြင့်ဦး က ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေ သည့် စိတ်ကြွဆေးပြားဈေးကွက် တွင်လည်း တရုတ်နိုင်ငံဘက်မှ ၀င်လာကာ ရှမ်းပြည်နယ်မှတစ်ဆင့် အခြားဒေသများသို့ ဦးတည်သည့်  ဈေးကွက်မျိုးရှိ ယင်းအခြေအနေ၍ စောင့်ကြည့် အရေးယူနေကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမြင့်အောင်က ပြောသည်။

မြန်မာနှင့် တရုတ်နိုင်ငံကြား မူးယစ်ဆေးဝါးထိန်းချုပ်ရေးအ တွက် ဆွေးနွေးရန် တရုတ်နိုင်ငံ အမျိုးသား မူးယစ်ဆေးဝါးထိန်း ချုပ်ရေးကော်မရှင်အဖွဲ့ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးမှာ (၁၂)ကြိမ်မြောက်ဖြစ်ပြီး မူးယစ် ဆေးဝါးပြဿနာနှစ်နိုင်ငံပူးပေါင်း ထိန်းချုပ်ရန် ၂၀၀၁ ကပင် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကူမင်းမြို့၌ ဆွေးနွေးခဲ့ပြီး ရန်ကုန် တွင်  ပြုလုပ်မည့် အစည်းအဝေး၌ ဒုတိယရဲချုပ်ရဲမှူးချုပ်သိန်းဦး ဦးဆောင်သည့် ရဲအရာရှိ ၁၆ ဦးနှင့် တရုတ်နိုင်ငံ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် ဒု-အထွေထွေအတွင်းရေးမှူးချုပ်အပါအ၀င် ကိုယ်စားလှယ် ခုနစ်ဦးပါ ၀င်ဆွေးနွေးမည် ဖြစ်သည်။

7Day DAILY

No comments:

Post a Comment