Friday 10 October 2014

ခိုထောင်ကျွန်း (လိပ်ကျွန်း) ကိစ္စ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ပြောကြား

လက်ရှိဖြစ်ပွားနေသည့် ခိုထောင်ကျွန်း (လိပ်ကျွန်း) ကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။
တပ်မတော်ကွယ်ရေးဦးစီးချုပ်သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကို အောက်တိုဘာ ၉ ရက် တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမ္ဗာန်၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် တည် ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက် မှုများ ကို ပြည်သူ၏ဆန္ဒနှင့်အညီ အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ရေးရာ များဖြစ်သည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ စနစ်တကျရှိရေးတို့အတွက် ဆက် လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာအလုပ်သမားများကိစ္စ ကူညီဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ အလုပ်သမားများသာမက ၎င်းတို့၏ မိသားစုများကပါ လှိုက်လှဲစွာကျေးဇူးတင်ရှိနေကြောင်း ပြောကြားသည်။

ဆက်လက်၍ ခိုထောင်ကျွန်း (လိပ်ကျွန်း)ကိစ္စနှင့်ပတ်သက်ပြီး မြန်မာသံရုံးမှ အထူးအဖွဲ့အနေဖြင့် လေ့လာမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း၊ “အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန်”ဟူသော စကားအတိုင်း သေချာစွာစိစစ် လုပ်ဆောင်ပေးစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဘာသာရေးအစွန်းရောက်များ၏ အကြမ်းဖက်မှုကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံသတင်းဖလှယ်ပူးပေါင်းဆောင်ရွက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့်ကာလတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍အထိရောက်ဆုံး ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံရေး သမိုင်းတွင် အကောင်းဆုံး သမိုင်းမှတ်တမ်းတင်ကျန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံဆက်ဆံရေး ယခုကဲ့သို့ တိုးတက်ကောင်းမွန်မှုကို ဝမ်းမြောက်ကြောင်းနှင့် နောင်တွင်လည်း မိသားစုစိတ်ဓာတ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိပ်ကျွန်း ကိစ္စနှင့် ပတ်သက်၍ တိကျမှန်ကန်သော အချက်အလက်များရရှိရေး၊ အမှန်တရား ရှင်းလင်းလင်းသိရှိရေး မြန်မာ သံရုံးနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်စပ်ဒေသအလုပ်သမားကိစ္စရပ်များ ကောင်းမွန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်၍ ပူးပေါင်းတားဆီး ကာကွယ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။

Eleven Media Group

No comments:

Post a Comment