Friday 10 October 2014

မြန်မာနှစ်ဦးကို ဗြိတိန်စုံတွဲအား သတ်သည်ဟု စွပ်စွဲခြင်းမှာ မှားယွင်းကြောင်း ထိုင်းမှုခင်း ဆေးပညာ အကြီးအကဲဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟု မြန်မာနိုင်ငံသား နှစ်ဦးကို မှားယွင်းစွပ်စွဲခြင်းသာ ဖြစ်ပြီး အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် အမှားများ ကျူးလွန်ခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းဆေးပညာဌာန ညွှန်ကြားရေးမှူးချုပ် Khunying Porntip Rojanasunan က ပြောဆိုကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။အဆိုပါအမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရာတွင် မှုခင်းဆေးပညာဌာနက ဆရာဝန်ကို ခေါ်ယူစစ်ဆေးခြင်း မပြုဘဲ သက်သေခံပစ္စည်း အချက်အလက်များ စုဆောင်းခဲ့ကြောင်း ၎င်းက ပြောဆိုထားသည်။
“အဓိက အားနည်းချက်က ရဲတွေက ဒီအမှုမှာ မှုခင်းဆေးပညာဆိုင်ရာ ရောဂါဗေဒ ဆရာဝန် တစ်ယောက်တော့ လိုအပ်တယ်ဆိုတာ နားမလည်တာပဲ။ တာဝန်ရှိတဲ့သူတွေက သက်သေခံ ပစ္စည်းတွေကို ဆူရတ်ဌာနီ ဆေးရုံက ဆရာဝန် မခေါ်ဘဲနဲ့ စုဆောင်းခဲ့တာပါ” ဟု The Manager News Agency ကို ၎င်းက ပြောဆိုထားသည်။

အခင်းဖြစ်သည့် နေရာရှိ သက်သေခံ ပစ္စည်းများကို မှုခင်းဆေးပညာ ဌာနက စစ်ဆေးခြင်းမပြုမီ နိုင်ငံခြားသား ခရီးသွားများကို ဝင်ရောက်ခွင့်ပြုခြင်း၊ မြန်မာနိုင်ငံသားနှစ်ဦးကို တရားခံအဖြစ် စွပ်စွဲလိုက်ခြင်းတို့မှာ အမှားများကို အစဉ်လိုက် ကျူးလွန်ခြင်း ဖြစ်ကြောင်း Khunying Porntip Rojanasunan က ဆိုသည်။
မှုခင်းစစ်ဆေးရာတွင် မှုခင်းဆရာဝန်၊ ရဲတပ်ဖွဲ့၊ သက်သေ အထောက်အထား သိမ်းဆည်းသူ သုံးဖွဲ့ လိုသော်လည်း ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် ထိုင်းရဲတပ်ဖွဲ့ တစ်ခုကသာ စစ်ဆေးမှု ပြုလုပ်သွားခြင်း ဖြစ်ကြောင်း ၎င်းက ထိုင်းမီဒီယာများကို ပြောဆိုထားသည်။
ဗြိတိန်စုံတွဲကို သတ်ဖြတ်သည်ဟု ဆိုကာ ဖမ်းဆီးထားသည့် မြန်မာနှစ်ဦးကို တရားစွဲဆိုရန် ထိုင်းရဲတပ်ဖွဲ့က တင်ပြထားသည့် စာမျက်နှာ ၈၀၀ ပါ စွဲဆိုချက် အစီရင်ခံစာမှာ အထောက်အထား ပြည့်စုံမှု အားနည်းသဖြင့် ထိုင်းဥပဒေအရာရှိက လက်မခံဘဲ ရဲတပ်ဖွဲ့ကို အောက်တိုဘာလ ၈ ရက်နေ့တွင် ပြန်လည်ပေးလိုက်သည်။
လိပ်ကျွန်းရှိ အဆိုပါ လူသတ်မှုတွင် အဓိက ပြစ်မှုကျူးလွန်သူများ မဟုတ်ဘဲ ထိုးကျွေးခံ ဓားစာခံများကိုသာ ဖမ်းဆီးလာသည့် ထိုင်းရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု လုံးဝပျက်စီးသွားပြီ ဖြစ်ပြီး ယင်းဖြစ်စဉ်မှ ရဲတပ်ဖွဲ့၏ လုပ်ရပ် ဆိုးဝါးမှုကို ကမ္ဘာကို ပြလိုက်ခြင်း ဖြစ်ကြောင်း Bangkok Post သတင်းစာ၏ လက်ထောက်အယ်ဒီတာ Sanitsuda Ekachai က Opinion ကဏ္ဍတွင် ရေးသားထားသည်။
မြန်မာနှစ်ဦးကို လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ခိုးမှုဖြင့် ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုရန် ပြင်ဆင်ထားသည်။
ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် David Miller နှင့် အသက် ၂၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Hannah Witheridge တို့ နှစ်ဦးသည် လိပ်ကျွန်းကမ်းခြေတွင် အသတ်ခံရပြီး စက်တင်ဘာ ၁၅ ရက်နေ့က အလောင်းများကို တွေ့ရှိခဲ့သည်။
thevoiceweekly

No comments:

Post a Comment