Wednesday 10 September 2014

ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ ကချင်တွင် အခြေစိုက်စခန်းဆောက်ခွင့် KIO ထံတောင်း

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အခြေပြုသော ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization) က ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်ပြုရန် KIO ထံ တောင်းဆိုခဲ့ကြောင်း KIO နှင့် ဘင်္ဂါလီ ခေါင်းဆောင်များ ဆွေးနွေးပွဲ မှတ်တမ်းအရ သိရသည်။KIO အဖွဲ့မှ ဗိုလ်မှူးကြီးဂျိမ်းစ်နှင့် ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီအဖွဲ့မှ ဦးမောင်ကျော်နု အပါအဝင် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်အချို့ ထိုင်းနိုင်ငံ တစ်နေရာတွင် ၂၀၁၄ ခုနှစ် မတ်လအတွင်း တွေ့ဆုံဆွေးနွေး ခဲ့သော အဆိုပါ ဆွေးနွေးပွဲ မှတ်တမ်းဗီဒီယိုတွင် ဘင်္ဂါလီများက KIO ထိန်းချုပ်နယ်မြေတွင် အခြေစိုက်၍ ရိုဟင်ဂျာ တပ်မတော် ထူထောင်ခွင့်ပြုရန် တောင်းဆိုထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အင်အားတွေဟာ ကချင်အင်အား ဖြစ်ပါတယ်။ ကချင်လူမျိုးနဲ့ ကျွန်တော်တို့ဟာ တညီ တညွတ်တည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကချင်နယ်မြေမှာ တပ်ထူထောင်ချင်ပါတယ်”ဟု ဦးမောင်ကျော်နု က KIO မှ ဗိုလ်မှူးကြီး ဂျိမ်းစ်ထံ တောင်းဆိုခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် KIO အဖွဲ့မှ တာဝန်ခံ တစ်ဦးလည်းပါဝင်ပြီး ကချင်ပြည်နယ်အတွင်း ရိုဟင်ဂျာ တပ်မတော်ထူထောင်ရေး အဓိ ကတောင်း ဆို ဆွေးနွေးခဲ့သည်။

ယင်းသို့ တောင်းဆိုမှုနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးဂျိမ်းစ်က တုံ့ပြန် ပြောကြားထားသည်ကို မတွေ့ရသော် လည်း ရိုဟင်ဂျာ၊ ကချင်၊ ရှမ်း၊မွန်၊ ကရင်စသည့် တိုင်းရင်းသားအားလုံး မြန်မာအစိုးရကို အပြစ်မြင်သည်မှာ ထပ်တူဖြစ်ကြောင်း ပြန်လည် ပြောဆိုထားသည်။ “ရိုဟင်ဂျာဆိုတာနဲ့ ပတ်သက်လို့ အပွင့်လင်း ဆုံး ပြောရရင် တပ်မတော်မှာ စာထွက်ပြီးတော့ကို ရိုဟင်ဂျာလို့ မသုံးနှုန်းဘဲ ဘင်္ဂါလီလို့သာ သုံးနှုန်းဖို့ ညွှန်ကြား ထားပါတယ်” ဟု မြန်မာ့တပ်မတော် အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ တောင်းဆိုမှုနှင့် ပတ်သက်၍ တပ်မတော်က သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင် ရွက်မည် ဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အတတ်နိုင်ဆုံး မထိခိုက်စေရန် ထိန်းသိမ်း လုပ်ဆောင် မည် ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ဒေသအချို့တွင် မွတ်ဆလင် တပ်ဖွဲ့များ သီးခြားလေ့ကျင့် မှုများ ပြုလုပ်နေသည်ကို တပ်မတော်က သိရှိထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မထိခိုက်စေရန် အထူးဂရုပြု ကိုင်တွယ်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒါဟာ အန္တရာယ်ကြီးပါတယ်၊ အဲဒီ ရိုဟင်ဂျာ ဆိုသူတွေနဲ့ အခြားကချင်၊ ကရင် အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆိုတာ မတူပါဘူး။ သေချာမသိရင်လည်း KIO အနေနဲ့ ကျွန်တော်တို့ကို ခေါ်မေးနိုင် ပါတယ်။ သူတို့သာ အခြေစိုက်မယ်ဆိုရင် ကချင်မှာ အများကြီး ရှုပ်ထွေး သွားပါလိမ့်မယ်” ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဦးလှစောက မှတ်ချက်ပြုသည်။

ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာ့ သမိုင်းတွင်မရှိဟု လက်ခံထားကြောင်း၊ ယင်းတို့က ရိုဟင်ဂျာဟု သုံးနှုန်း မှုမှာ နိုင်ငံရေး ကြိုးပမ်း ချက်တစ်ရပ်သာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင် ဦးဉာဏ်ဝင်းက ဆိုသည်။ “လက်နက်ကိုင် တပ်ထောင်ဖို့ ဆိုတာတော့ တိုင်းရင်းသားရော အစိုးရပါ သေချာဖြေရှင်းရမယ်။ သိပ်ပေါ့ပေါ့လျော့လျော့ လုပ်လို့ မရဘူး” ဟု ဦးဉာဏ်ဝင်းက သတိပေးသည်။

ရိုဟင်ဂျာတပ်ဖွဲ့သာ ကချင်မြေတွင် ပေါ်ပေါက်လာပါက အစိုးရအနေနှင့် အခြားတိုင်းရင်းသား အဖွဲ့များ ကဲ့သို့ ဆွေးနွေး ညှိနှိုင်းမည်မဟုတ်ဘဲ အပြုတ်တိုက်မည်သာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုသည်။ “ဒါကို လက်ခံတယ်ဆိုရင် KIO အဖွဲ့အစည်းက လမ်းမှားလျှောက်မိပြီလို့ ကျွန်တော်ပြောချင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ ဦးမောင်ကျော်နု ဆိုသူမှာ BRAT (Burmese Rohingya Association in Thailand) အဖွဲ့ ဥက္ကဋ္ဌဟု သိရှိရပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်နှင့် လူမှုကွန်ရက်တွင် ချိတ်ဆက်ထားသည်ကို ၎င်း၏ အင်တာနက် စာမျက်နှာတွင် တွေ့ရှိရသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာကို မထည့်သွင်းမှုနှင့် ပတ်သက်၍ လည်း ဦးမောင်ကျော်နုက “တိုင်းရင်းသား ရိုဟင်ဂျာတွေ အလိမ်ခံလိုက်ရပြီ၊ ရိုဟင်ဂျာ နာမည်သာတို့ရဲ့ အသက်၊ တို့ဘိုးဘွားပိုင် ရိုဟင်ဂျာ နာမကို အသက်နှင့် ကာကွယ်ပါမည်” ဟု လူမှုကွန်ရက် စာမျက်နှာ တွင် ရေးသားထားသည်။

ဘင်္ဂါလီ အဖွဲ့များက KIO နယ်မြေတွင် လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ရန် ဗိုလ်မှူးကြီး ဂျိမ်းစ်နှင့် ဆွေးနွေးမှု အပေါ် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် မြစ်ကြီးနားမြို့ရှိ KIO နည်းပညာ အထောက်အကူပြု တာဝန်ခံများထံ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။ လက်ရှိအချိန်၌ KIO နယ်မြေတွင် ရက္ခိုင့် တပ်မတော် (AA) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဌာနချုပ်များ တည်ရှိထားပြီး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment