Tuesday 9 September 2014

အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၏ မြန်မာပွဲစဉ်များ MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

၂၀၁၄ အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ မြန်မာအသင်းပွဲစဉ်များကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တွင် ကျင်းပလျက်ရှိသည့် အဆိုပါ ပြိုင်ပွဲအုပ်စု (က)၏ နောက်ဆုံး ပွဲစဉ်အဖြစ် စက်တင်ဘာ ၉ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ တွင် မြန်မာ ယူ-၁၉ အသင်းနှင့် အင်ဒိုနီးရှား ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ယင်းပွဲစဉ်ကို မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်မှ စတင်ကာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် မြန်မာ့အသံ ရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက် ညပိုင်း သတင်း အစီအစဉ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အုပ်စု (က)တွင် ပါဝင်နေ သည့် မြန်မာ ယူ-၁၉ အသင်းသည် စက်တင်ဘာ ၇ ရက်က ယှဉ်ပြိုင် ကစားခဲ့သည့် ထိုင်းအသင်းနှင့် ပွဲစဉ်တွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် အင်ဒိုနီးရှားအသင်းနှင့် ပွဲစဉ်တွင် အနိမ့်ဆုံး သရေရလဒ်ရရှိရုံ ဖြင့် အကြိုဗိုလ်လုပွဲ သို့ တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။
အသင်းသုံးသင်းပါဝင်သည့် အုပ်စု (က)တွင် ထိုင်းအသင်းက နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်သုံးမှတ်။ မြန်မာအသင်းက တစ်ပွဲကစား တစ်ပွဲနိုင် ရမှတ်သုံးမှတ်နှင့် တစ်ပွဲကစား၊ တစ်ပွဲရှုံးနိမ့်ထားသည့် အင်ဒိုနီးရှားအသင်းမှာ ရမှတ်မရရှိသေးပေ။
အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲစဉ်များကို စက် တင်ဘာ ၁၁ ရက်နှင့် တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲကို စက်တင်ဘာ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၁၉ ပါဝင်သည့် ပွဲစဉ်များကို MRTV နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထို့ပြင် စက်တင်ဘာ ၁၀ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ- ၂၃ အသင်းနှင့် Japan Football League (JFL) ညွန့်ပေါင်းအသင်းတို့၏ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အားလည်း MRTV မှ တိုက်ရိုက် ထုတ်လွှင့်ပေးမည် ဖြစ်သည်။

7 Day Daily

No comments:

Post a Comment