Wednesday 10 September 2014

ဦးဆန်းဆင့်အမှု အစိုးရသက်သေများကို ပြန်ခေါ်စစ်ဆေး

သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို စွဲချက်တင်ပြီးနောက် အမိန့်ချနိုင်ရေးအတွက် အစိုးရဘက်က သက်သေများကို တရားရုံးမှ ပြန်လည် ခေါ်ယူစစ်ဆေးနေကြောင်း တရားစွဲဆို ထားသည့် (စစစ)မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ စစ်ဆေးမှုကို စက်တင်ဘာလ ၉ ရက်နေ့တွင် နေပြည်တော်ရှိ ဒက္ခိဏခရိုင် တရားရုံး၌ စတင် ခဲ့ခြင်းဖြစ်ပြီး သာသနာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း (ယခင် ဒုတိယဝန်ကြီး) အပါအဝင် ဒုဝန်ကြီးနှင့် လက်ထောက် ညွှန်ကြားရေးမှူးအထိ ပြန်ခေါ်သက်သေ ၁၅ ဦးကို ပြန်လည် စစ်ဆေးခဲ့ကြောင်း ဦးဆန်းဆင့်၏ ရှေ့နေဦးတင်ထွန်းက ပြောဆိုသည်။

ယင်းကဲ့သို့ သက်သေများ ပြန်လည် စစ်ဆေးရန် ရုံးချိန်းကိုပြီးခဲ့သည့် သောကြာနေ့က ပြုလုပ်ခဲ့သော်လည်း ဦးဆန်းဆင့်၏ ဝမ်းကိုက်ရောဂါကြောင့် ရုံးချိန်းရက် ရွှေ့ပြောင်းခဲ့ရကြောင်း တရားရုံး အသိုင်းအဝိုင်း က ပြောကြားသည်။

လက်ရှိ အခြေအနေအရ ဦးဆန်းဆင့်သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အစိုးရဘက်မှ တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်ကို ကြားနာနေကြောင်း၊ ကျန်ရှိနေသော သက်သေများကိုလည်း ရုံးတော်မှ ဆက်လက်စစ်ဆေးရန် ပြုလုပ်သွားမည်ဟု သိရကြောင်း ၎င်း၏ ရှေ့နေ ဦးတင်ထွန်းက ထပ်လောင်း ပြော ကြားသည်။

ဦးဆန်းဆင့်ကို ပုဒ် မ ၄၀၉ နှင့် ၁၂၄ (က) ဖြင့် ဒက္ခိဏခရိုင် တရားရုံးက သြဂုတ်လ နောက်ဆုံးပတ်တွင် စွဲချက် တင်လိုက်ခြင်းဖြစ်ပြီး တရားရေးအရ အမိန့်ချရန် ကြန့်ကြာဦးမည် ဖြစ်ကြောင်း ၎င်းက ခန့် မှန်းပြော ဆိုသည်။

The Voice Weekly

No comments:

Post a Comment