Monday 11 August 2014

နိုင်ငံရေးအကျဉ်းသားကို အစိုးရ ဘယ်ပေတံနဲ့တိုင်းလဲ

အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ဆိုသူတွေကို လွှတ်ပေးလိုက်ရင် ဥပဒေပြု မဏ္ဍိုင်ကို ကျော်လွန်ရာ ရောက်မယ်လို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဋ္ဌာန (၄) ဒုတိယဝန်ကြီး ဦးအောင်သိန်းက ပြောပါတယ်။
နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအမှုတွေကို ဖြေလျော့ပေးထားပေမယ့် ရာဇဝတ်မှုနဲ့ အကျဉ်းထောင်အတွင်းမှာ ကျန်ရှိနေတဲ့ သူတွေကိုတော့ နိုင်ငံရေး အကျဉ်းသားလို့ အစိုးရက သတ်မှတ်မှာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။ ဦးအောင်သိန်းဟာ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။
အကျဉ်းကျနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ဆိုသူတွေဟာ နိုင်ငံရေး ပြစ်မှုတွေကို ဖြေလျော့ပေးထားပေမယ့် အခြားရာဇဝတ်မှုတွေ ရှိနေတဲ့အတွက် မလွှတ်ပေးတာလို့ ဦးအောင်သိန်းက ဆိုပါတယ်။
“သူတို့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပေးလိုက်ရင် ကျူးလွန်ခံရတဲ့ သူတွေအတွက် မမျှတဘူးပေါ့။ နိုင်ငံရေးသမားတွေ ရာဇဝတ်မှု ကျူးလွန်းရင် အပြစ်လျော့ပေါ့ရမှာလား။ ဥပဒေပြုမဏ္ဍိုင်ကို ကျော်လွန်ရာ ရောက်နိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ကတော့ ရာဇဝတ်မှုနဲ့ အကျဉ်းထောင်ထဲမှာ ကျန်ရှိနေသူ ၂၉ ဦးဟာ နိုင်ငံရေး အကျဉ်းသားတွ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သူတိုဟာ နိုင်ငံရေးအမှု တစ်ခုတည်းနဲ့ တရားစွဲဆိုခံခဲ့ရတာ မဟုတ်ပဲ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ရာဇဝတ်မှုနဲ့ပါ ပြစ်ဒဏ်ချခံရတာလို့ လက်ကျန် နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးကိုကိုကြီးက ပြောပါတယ်။

အစိုးရက သတ်မှတ်ထားတဲ့ နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းကျတာ မဟုတ်ရင် နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးလို့ အစိုးရက ပြောနေတဲ့အတွက် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့် ရှိဖို့လိုလာပြီလို့ သူက ဆိုပါတယ်။

ဩဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့တော်မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေး ဗဟိုဋ္ဌာန (MPC) မှာ ပြုလုပ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် မူဘောင်တွေ ချမှတ်ဖို့ အစိုးရနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ ဦးအောင်သိန်းက မီဒီယာတွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment