Monday 14 July 2014

တိုင်းပြည်အတွက် မလိုအပ်ဘဲ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲခြင်းသည် ပြည်သူများနစ်နာနိုင်၍ PR စနစ် ကျင့်သုံးရေး မကြိုးစားရန် ရခိုင်အမျိုးသားပါတီခေါင်းဆောင်များ တိုက်တွန်း

တိုင်းပြည်အတွက် မလိုအပ်ဘဲ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲခြင်းသည် ပြည်သူများနစ်နာနိုင်၍ အချိုး ကျ ကိုယ်စားပြုစနစ် (PR စနစ်) ကျင့်သုံးရေး မကြိုးစားရန် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များက တိုက် တွန်းပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဖဆပလခေတ် အပါအဝင် ၁၉၉ဝ ရွေးကောက်ပွဲ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြဿနာမရှိခဲ့ဘဲ မဲခိုးခြင်း၊ မဲလိမ်ခြင်းနှင့် ကြိုတင်မဲနှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့သော ပြဿနာများသာ ရှိခဲ့သည်ဟု ရခိုင်အမျိုးသား ပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။

လွှတ်တော်အတွင်း လွှမ်းမိုးထားသည့် ပါတီက ၎င်းတို့နိုင်ခြေရှိသည့် ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်း လဲခြင်း လုပ်ဆောင်မည်ဆိုပါက လူထုနစ်နာနိုင်သည့်အတွက် ညစ်ပတ်သည့်နိုင်ငံရေး မလုပ်ဆောင်သင့်ဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲကော်မရှင်ကို ပြောထားတယ်။ ဒီလိုသာ လွှတ်တော်တွင်းမှာ လွှမ်း မိုးတဲ့ ပါတီက သူတို့နိုင်ခြေရှိတဲ့ ရွေးကောက်ပွဲစနစ်ကို ပြောင်းကြမယ်ဆိုရင် နောင်လာမယ့် လွှတ်တော် ဟာ နောက်ပါတီကြီးတစ်ခုက နိုင်သွားလို့  နောင်ရွေးကောက်ပွဲစနစ်တစ်ခုကို ပြောင်းမယ်ဆိုရင် လူထုက ဓားစာခံဖြစ်သွားမယ်။ ဒီညစ်ပတ်တဲ့နိုင်ငံရေးကို မလုပ်ဘဲနဲ့ ကျွန်တော်တို့ ရှုံးရင်ရှုံးရဲတယ်။ နိုင်ရင်နိုင်တယ် ဆိုတာ မျိုးနဲ့ သွားသင့်ပြီဆိုတဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်တယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

“တည့်တည့်ပြောမယ်ဆိုရင် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်နိုင်တယ်။ နိုင်သွား တဲ့ အတွက် ပါတီတစ်ခုက စိုးရိမ်စိတ်တွေ ဝင်လာတယ်။ သူတို့ပါတီ ၂ဝ၁၅ မှာ မျှော်မှန်းသလောက် အနိုင် ရပါ့မလား။ အချို့ပါတီ အကြီးအကဲတွေပင်လျှင် အနိုင်ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် PR စနစ်ကို တင် လာ တယ်လို့ ပြောချင်တယ်။ PR စနစ်မှာက တစ်ဦးချင်းပြိုင်တာ မဟုတ်ဘဲနဲ့ ပါတီတွေပြိုင်တယ်။ တစ်ပြည်လုံးမှာပြိုင်တဲ့ မဲဆန္ဒရဲ့ အချိုးကျ ခွဲယူရမှာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပါတီတစ်ခုရဲ့ ခေါင်းဆော င်တွေ က စိုးရိမ်စရာမရှိဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်တယ်။ ၂ဝ၁၅ ဟိုဘက်မှာ အစိုးရကိုသော် လည်းကောင်း လွှတ်တော်ကိုသော်လည်းကောင်း တစ်နည်းနည်းနဲ့ လွှမ်းမိုးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တင် တယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် ပါတီတစ်ခုရဲ့အကျိုး ပါတီအချို့ရဲ့အကျိုးကို မကြည့်ဘဲ မြန်မာနိုင်ငံ ရဲ့အကျိုး တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးကို ကြည့်ကြပါ။ တိုင်းပြည်အတွက် မလိုအပ်ဘဲနဲ့ PR စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ မကြိုးစားကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်” ဟု ဦးအေးသာအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသော ရွေးကောက်ပွဲစနစ်မှာ မဲအများဆုံးရသည့်ပါတီမှ အနိုင်ရသည့် စနစ်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment