Monday 14 July 2014

ဓာတ်ကြိုးပျက်လို့ သေဆုံးတဲ့ အမျိုးသမီး ၃လောင်းပြိုင် ဈာပန ဒုဝန်ကြီးလိုက်ပို့

လှိုင်သာယာ ၁၅ရပ်ကွက်ဈေးထဲမှာ ဓာတ်ကြိုးပျက်ကျလို့ သေဆုံးခဲ့တဲ့ အမျိုးသမီး ၃လောင်းပြိုင်ရဲ့ ဈာပနကို ဇူလိုင် ၁၃ရက်နေ့မှာ ထိန်ပင်သုဿန်မှာ မီးသဂြိုဟ်ခဲ့ပါတယ်။ လျှပ်စစ် ဒုတိယဝန်ကြီးနဲ့ အရာရှိတွေလည်း ဈာပနကို လိုက်ပို့ခဲ့ပြီး ကျန်ရစ်သူမိသားစုတွေအတွက် နစ်နာကြေး ၂၃သိန်းစီ ပေးခဲ့ပါတယ်။

အစိုးရတာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် ဒီလိုအဖြစ်မျိုး သူ့မိခင်ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ ကွယ်လွန်သူ ဒေါ်ရင်ငွေရဲ့သား ကိုဇော်မင်းအောင်က ပြောပါတယ်။ အများပြည်သူအတွက် အန္တရာယ်များလွန်း တာကြောင့် ဟောင်းနွမ်းနေတဲ့ လျှပ်စစ်မီးကြိုးတွေကို အသစ်ပြန်လဲစေချင်တယ်လို့ ဆိုပါတယ်။

လှိုင်သာယာ ၁၅ရပ်ကွက်ဈေးထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ရက်နေ့မနက်က ဓာတ်တိုင်က ဓာတ်ကြိုးပျက်ကျလို့ အမျိုးသမီး၃ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ဓာတ်ကြိုးပျက်ကျလို့ သေဆုံးသူ စုစုပေါင်း ၆ယောက်ရှိသွားပြီး လှိုင်သာယာဖြစ်ရပ်ကြောင့် အစိုးရအပေါ် ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးအောင်သန်းဦးနဲ့ အရာရှိတွေ လိုက်ပါပို့ဆောင်တဲ့ ဈာပနမှာ လှိုင် သာယာ မြို့ခံ ဦးမျိုးမင်းက ငွေဆိုတာ ပြန်ရှာလို့ရပေမယ့် အသက်ဆုံးရှုံးသွားရင် ပြန်ရှာလို့မရတာကြောင့် ဒီလိုဖြစ်ရပ်တွေ မပေါ်ပေါက်ဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေမှာ အဓိကတာဝန်ရှိတယ်လို့ ပြောပါတယ်။

ကမာရွတ် လှည်းတန်းဈေးမှာလည်း ဇွန် ၂၃ရက်နေ့က ဓာတ်ကြိုးပျက်ကျလို့ လူ၂ယောက်သေဆုံးခဲ့သလို ဇါန် ၃ဝရက်နေ့ကလည်း မြောက်ဥက္ကလာပမှာ တစ်ယောက် သေဆုံးခဲ့ပါတယ်။ ဓာတ်ကြိုးပျက်ကျလို့ သေ ဆုံးသူ ၆ယောက်ရှိတဲ့ထဲက အခုနောက်ဆုံး ၃လောင်းပြိုင် သေဆုံးခဲ့သူတွေကိုပဲ အစိုးရက လျှော်ကြေးပေး ခဲ့တာဖြစ်ပြီး အရင် ၃ယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး လျှပ်စစ်ဝန်ကြီးဌာနဘက်က ဘာတစ်ခုမှ တာဝန် ယူခဲ့တာ မရှိပါဘူး။

Kamayut Media  

http://www.youtube.com/watch?v=f-yKgds6DsY

No comments:

Post a Comment