Monday 14 July 2014

ခွင့်ပြုချက်မဲ့ ကန်ထရိုက် တိုက်ဆောက်လုပ်မှုများ အရေးယူနိုင်မည့် ဥပဒေ အတည်ပြုချက် ရယူနိုင်တော့မည်

များပြားလှသည့် မြို့ပြ လူနေမှု စနစ်များ အကြားတွင် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် ဆောက်လုပ်မှုများကို သက်ဆိုင်ရာမှ တရားစွဲဆို ဆောင်ရွက်လျက် ရှိသော်လည်း လျော့နည်းသွားခြင်း မရှိသည့်အတွက် ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ (၄၈) အရ ဝင်ရောက် ဖျက်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး လွှတ်တော် အတည်ပြုချက် ရယူနိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အဆောက်အအုံ) ဌာနမှ သိရသည်။

ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့ပြဆင်ခြေဖုံး ရပ်ကွက် များ၌ ပေ ၂ဝ x ၆ဝ မြေကွက်နှင့် အထက် ပိုင်ရှင်များကို ဆောက်လုပ်ခွင့် ကန်ထရိုက်တာ လိုင်စင် လျှောက်ထားခြင်း မရှိသည့် စည်းကမ်းမဲ့ ကန်ထရိုက်တာများမှ အပေးအယူစနစ်များ အခန်းပေး၊ အခန်းယူ စနစ်များ အပါအဝင် နည်းမျိုးစုံ စည်းရုံးသိမ်းသွင်းကာ ဆောက်လုပ် ရောင်းချနေ သည့် အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာမှ လိုက်လံစစ်ဆေး ဖော်ထုတ် ခဲ့ရာ မြို့နယ်အလိုက် အမှုပေါင်း ၂ဝဝဝ ကျော်ကို သက်ဆိုင်ရာ တရားရုံးများ၌ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုအခါ ဥပဒေ ပြဋ္ဌာန်းချက်အတိုင်း အမြင့်ဆုံး ဒဏ်ငွေ ချမှတ်ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်း တို့အား အရေးယူ သွားမည် ဖြစ်ပြီး ငွေကျပ်သိန်း ၃ဝဝ အထိ ဒဏ်ရိုက်မှုများအား ဆောင်ရွက် သွားမည့်အပြင် ခွင့်ပြုချက် မဲ့ ဆောက်လုပ်မှုများကို ဝင်ရောက် ဖျက်သိမ်းနိုင်ရေး ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင် သာယာ အက်ဥပဒေပုဒ်မ ၄၈ အား အကောင်အထည် ဖော်နိုင်ရေး အတွက် နည်းဥပဒေ ဆက်လက် ရေးဆွဲကာ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ဖြစ်ရာ အတည်ပြုချက် ရယူနိုင်တော့ မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မောင်မျိုး (ဧရာဝတီ)

No comments:

Post a Comment