Saturday 19 July 2014

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၏ (၅၂) နှစ်မြောက်မွေးနေ့ ရန်ကုန်မြို့၌ကျင်းပ

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (D.K.B.A) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၏ (၅၂) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်း အနားကို ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ Dolphin စားသောက်ဆိုင်၌ ဇူလိုင် ၁၈ ရက်က ကျင်းပခဲ့သည်။
မွေးနေ့ပွဲအခမ်းအနား၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးမင်းကိုနိုင်၊ ကရင်တိုင်းရင်းသားခေါင်းဆောင်အချို့၊ D.K.B.A  ဒုတိယစစ်ဦးစီးချုပ်၊ ဦးစီးအရာရှိချုပ်၊ ဗျူ ဟာမှူး၊ တပ်မှူးများ၊ ၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့နှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး ကိုယ်စားပြုပုဂ္ဂိုလ်များက ဗိုလ်ချုပ်ကြီးစောလားပွယ် အတွက် မွေးနေ့ဆုတောင်းစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။

“ဒီနေ့ဒီရက် လေးလေးနက်နက် ပြောရမယ်ဆိုရင် ကရင်ဒီမိုကရေစီ အကျိုးပြုတပ်မတော် အဓွန့်ရှည်ပါတယ်။ ဆက်လက်ပြီးတော့ ပြည်ထောင်စု အကျိုးအတွက် မိမိတို့ ဆထက်ထမ်းပိုး အေးချမ်းငြိမ်းချမ်းစွာဖြင့် တည်ဆောက်နိုင်ကြပါစေ။ နောက်ပြီးတော့ ဗိုလ်ချုပ်ကြီးစောလားပွယ် လည်းပဲ ရှေ့ဆက်ပြီးတော့ မိမိတပ်မတော်အတွက်ကို ဒီမိုကရေစီစနစ်နဲ့အညီ၊ လူ့အခွင့်အရေးနဲ့အညီ စည်းလုံးညီညွတ်မှု ရရှိမယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ အညီ တာဝန်ဆက်လက်ပြီး အားလုံးလက်တွဲပြီး ဆထက်ထမ်းပိုး ပြည်ထောင်စုကြီးအကျိုးကို ဆောင်ရွက်နိုင်ပါစေကြောင်း ကျန်းမာချမ်းသာ ရွှင်လန်းပြီး အသက်ရာကျော်ရှည်ပါစေ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦးက မွေးနေ့ ဆုတောင်း ပြောကြားသည်။

ထို့ပြင် ပန်းရဲ့လမ်း တေးဂီတအဖွဲ့နှင့် ကရင်တိုင်းရင်းသား တေးဂီတအဖွဲ့တို့မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဗိုလ်ချုပ်ကြီးစောလား ပွယ် က မွေးနေ့အမှတ်တရ ကိတ်မုန့်လှီးခြင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက မွေးနေ့အမှတ်တရ ရှမ်းရိုးရာဓား တစ်ချောင်းအား လက်ဆောင်ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး အခြားတက်ရောက် လာသူများကလည်း မွေးနေ့လက်ဆောင်ပေး အပ်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ မွေးနေ့အခမ်းအနားသို့ ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်၊ မွန်အမျိုးသားပါတီခေါင်းဆောင် ဦးနိုင်ငွေသိမ်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ကျောင်းသားလူငယ်ကွန်ရက်များ၊ တောင်သူလယ်သမားအရေးနှင့် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများ၊ ကရင်တိုင်းရင်းသား အဖွဲ့အစည်းများမှ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment