Saturday 19 July 2014

တွံတေး ခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူသုံးဦး သေဒဏ်ချမှတ်

တွံတေးမြို့နယ်တွင် လွန်ခဲ့သော တစ်နှစ်ခန့်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် လူသတ်မှုမှ ကျူးလွန်သူ အမျိုးသားသုံးဦးကို ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးက သေဒဏ် အမိန့်ချမှတ်ခဲ့ကြောင်း အဆိုပါ ခရိုင်တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး ဦးစော်ကော်နေမှူးက ပြောကြားသည်။
“သေမှုကြံရွယ်ပြီး ရည်ရွယ်ချက်နဲ့ လူသတ်ခဲ့လို့ ပုဒ်မ ၃၀၂ (၁) (ခ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်ရမည်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က အမိန့်ချခဲ့တယ်။ သေဒဏ် ကျခံရသူဘက်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အမိန့်ချပြီး ၇ ရက်အတွင်းမှာ အယူခံ ဆက်ဝင်ထားတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
တွံတေးမြို့နယ် ကြည်တန်းကျေးရွာတွင် ၂၀၁၃ ခုနှစ် ဇူလိုက်လ ၁၅ ရက်နေ့က ကွမ်းခြံအတွင်း ကွမ်းရွက်ခူးနေသည့် အသက် ၅၀ အရွယ် အမျိုးသမီးကြီးကို တစ်ရွာတည်းနေသူ ကိုထူးနိုင် အပါအဝင် အမျိုးသားသုံးဦးက ခေါင်းဖြတ် လူသတ်ခဲ့သဖြင့် တောင်ပိုင်းခရိုင် တရားရုံး၌ အမှုနှင့် ပတ်သက်၍ တရားလိုနှင့် တရားခံပြသက်သေ ၃၆ ဦးကို ရုံးတင် စစ်ဆေးခဲ့ပြီးနောက် သေဒဏ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“သေဆုံးခဲ့သူ အမျိုးသမီးရဲ့ ခင်ပွန်း ပုဒ်မ ၄၂၀ နဲ့ ထောင်ကျခဲ့တုန်းက လယ် ၁၁ ဧကကို လူသတ်မှု ကျူးလွန်ခဲ့သူတွေဆီမှာ ရောင်းခဲ့တယ်။ သိန်း ၇၀ ကျော်နဲ့။ လယ်မြေဈေးတွေ အရမ်းမြင့်တက်လာချိန်မှာ သူတို့ မူလ ရောင်းခဲ့တဲ့ဈေးနဲ့ လယ်တွေ ပြန်လိုချင်လို့ စကားများကြရာက အငြိုးထားပြီး ခေါင်းဖြတ် လူသတ်မှုအထိ ဖြစ်ခဲ့တာ” ဟု တွံတေးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ခေါင်းဖြတ်အသတ်ခံရသူ ဒေါ်စိန်သန်းမှာ ကွမ်းခြံအတွင်း ကွမ်းရွက်များ ခူးနေစဉ် ယင်းကျေးရွာနေ ကိုထူးနိုင် အပါအဝင် အမျိုးသားသုံးဦးက ခေါင်းဖြတ်သတ်ပြီး ထွက်ပြေး တိမ်းရှောင်ခဲ့သောကြောင့် ကိုထူးနိုင်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့် (ခ) ဦးပသီ၊ ကိုထူးနိုင်၊ အရှည်ကြီး (ခ) ကိုဇော်နှင့် ထွန်းမင်းလတ် (ခ) ထော်ကြီးတို့ လေးဦးကို တွံတေးမြို့မ ရဲစခန်းက ပုဒ်မ ၃၀၂/ ၃၄/ ၁၀၉ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

“ဒီသုံးဦးက ကွမ်းရွက်နှစ်ရာဖိုး ဝယ်ချင်တယ် ပြောပြီး ဝင်လာတာ။ ပြီးတော့ တစ်ယောက်က သေဆုံးသူရဲ့ မျက်နှာကို ဖြတ်ထိုးပြီး ကျန်တစ်ဦးက ကွမ်းရွက်ဖြတ်တဲ့ ဓားနဲ့ လည်ပင်းလှီးတာကို အမျိုးသမီးက ရုန်းကန်နေတာကြောင့် ကျန်တစ်ယောက်က တက်ဖိပြီး တံစဉ်နဲ့ ထိုးသတ်တာ။ ခေါင်းကိုဖြတ်ပြီး ကွမ်းခြံထဲက တစ်နေရာမှာ ဖွက်ခဲ့တယ်။ လူသတ်မှုမှာ ပါဝင်ခဲ့သူတွေက သမ္ဗန်ခတ်တဲ့သူတွေ ငွေ ၁၀ သိန်း ပေးမယ်ဆိုလို့ လူသတ်ခဲ့တာ” ဟု တွံတေးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ ခေါင်းဖြတ်လူသတ်မှုမှ ကျူးလွန်သူဟု သံသယရှိသော စစ်ဆေးခံရသူ လေးဦးအနက် ဦးစိုးမြင့် (ခ) ဦးပသီမှာ အမှုတွဲဖြစ်စဉ်တွင် ပါဝင် ပတ်သက်သည်ဟု စွဲချက်မှာ သက်သေ အထောက်အထား မခိုင်လုံသောကြောင့် စွဲချက်ပယ် ဖျက်ခံရပြီး ကွင်းလုံးကျွတ် လွတ်မြောက် ခဲ့ကြောင်း တောင်ပိုင်းခရိုင် တရားရုံးမှ စုံစမ်းသိရှိရသည်။

အလားတူ သေဒဏ် ချမှတ်ခံရနိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ထားသော မြောက်ဥက္ကလာပ မျက်နှာဖုံးစွပ် လူသတ်မှုမှ ရှစ်ဦး၏ စွဲချက်ပယ်ဖျက်ပေးရန် လျှောက်ထားချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ဇူလိုင်လ ၂၃ ရက်နေ့တွင် အပြီးသတ် ကြားနာစစ်ဆေးမည် ဖြစ်ကြောင်း၊ ရန်ကင်းမြို့နယ် ခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၌ သေဒဏ် အမိန့်ဖြင့် စွဲချက်တင်ထားသည်ကို ဇူလိုင်လ ၂၂ ရက်နေ့တွင် အမိန့်ချမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ခရိုင်တရားရုံးများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment