Saturday 19 July 2014

မြောက်ဥက္ကလာပမြို့နယ်ရှိ ငါးအအေးခန်းစက်ရုံတစ်ခုမှ စိမ့်ထွက်သည့် အမိုးနီး ယား ဓာတ်ငွေ့အား ရူရှိုက်မိသောကြောင့် မူလတန်းကလေးငယ် ၂၃ ဦး ဆေးရုံတက် ကုသမှုခံယူနေရ

အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့သည့် ငါးအအေးခန်း စက်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းခန့်)
မြောက်ဥက္ကလာပမြို့နယ်ရှိ ငါးအအေးခန်းစက်ရုံတစ်ခုမှ စိမ့်ထွက်သည့် အမိုးနီးယားဓာတ်ငွေ့အား ရှုရှိုက်မိသောကြောင့် မူလတန်းကလေးငယ် ၂၃ ဦး ဆေးကုသမှုခံယူနေရကြောင်း မြောက်ဥက္ကလာပ ဆေးရုံကြီးမှ စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက် အမရာလမ်းရှိ ရတနာသိင်္ဂီ အအေးခန်းစက်ရုံ၏ အနောက်ဘက်မှ ရေခဲလုပ်သည့် အမိုးနီးယားဓာတ်ငွေ့မှာ စိမ့်ထွက်ခဲ့ပြီး အဆိုပါဓာတ်ငွေ့မှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ယင်းသို့ပျံ့နှံ့သည့် အမိုးနီးယားဓာတ်ငွေ့အား ယင်းစက်ရုံဘေးကပ်လျက်ရှိ အမှတ်(၃၁)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသားများ ရူရှိုက်မိခဲ့ကာ ကျောင်းသား ၂ဝ ကျော်ခန့်မှာ မူးဝေခြင်း၊ မျက်စိစပ်ခြင်း၊ အော့အန်ခြင်း၊ အင်ပျဉ် အဖုအပိန့်ထွက်ခြင်းတို့ ဖြစ်ပွား ခဲ့ကြကြောင်း လည်း သိရသည်။

“စက်ရုံကနေစိမ့်ထွက်တဲ့ ရေခဲလုပ်ရာမှာသုံးတဲ့ အမိုးနီးယားဓာတ်ငွေ့ကို ရှုရှိုက်မိတဲ့အတွက် ကလေးငယ်တွေက မူးဝေ၊ အော့ အန်၊ နှာခေါင်းသွေးထွက်တာတို့ ဖြစ်တာပါ။ အဲဒီဓာတ်ငွေ့ဟာ လူရဲ့အဆုတ်လေပြွန်ကို ရောင်ရမ်းစေတယ်၊ သွေးစိမ့်ထွက်စေတယ်။ အခုကလေးငယ်တွေကတော့ အကုန်လုံး အခြေအနေကောင်းပါတယ်။ ဆေးရုံမှာတော့ တစ်ရက်လောက်နေခိုင်းပြီး စောင့်ကြည့်သွားမှာပါ” ဟု မြောက်ဥက္ကလာပဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာမြသောင်းက ဇူလိုင် ၁၈ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

အဆိုပါဓာတ်ငွေ့များ ရှုရှိုက်မိပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့်  ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များမှာ သူငယ်တန်းမှ လေးဦး၊ ပထမတန်းမှ ငါးဦး၊ ဒုတိယတန်းမှ ငါးဦး၊ တတိယတန်းမှ နှစ်ဦးနှင့် စတုတ္ထတန်းမှ ခုနှစ်ဦး စုစုပေါင်း ၂၃ ဦး ဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းလုပ်တယ်ဆိုတာ ကိုယ့်လုပ်ငန်းကို ချို့ယွင်းချက် ရှိ၊ မရှိ အမြဲစိစစ်ရမယ်။ ဒီဓာတ်ငွေ့ပိုက်က စိမ့်နေတာကြာပြီလို့ ကျွန်တော့်အသိ စက်ရုံဝန်ထမ်း တစ်ဦးက ပြောတယ်။ ဒါကိုပြန်စိစစ်ပြီး မပြင်တဲ့အခါကျတော့ ပိုဆိုးလာတယ်။ ကလေးတွေကလည်း အိမ်ပြန်လာရင် မူးလာတတ်တယ်။ ဖြစ်တာကတော့ တစ်ရက်လောက်ရှိပြီ။ ထိုးထိုးအန်တယ်။ ဒီနေ့မနက် ကိုးနာရီခွဲလောက်မှာ “ဖုံး”ဆိုပြီးတော့ အသံကြားတယ်လို့ ပတ်ဝန်းကျင်က လူတွေပြောတာကြားတယ်။ သူတို့လုပ်နေတာ နံတဲ့အလုပ်ဖြစ်ပြီး ကျောင်းနဲ့လည်း ကပ်နေတဲ့အတွက် ဒီနေရာမှာမရှိသင့်ဘူး။ ဒီကလေးတွေ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒီစက်ရုံကိုလည်း ထိထိရောက်ရောက် အရေးယူစေချင်တယ်” ဟု ဆေး ကုသနေ ရ သည့် ခုနှစ်နှစ်အရွယ် ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးအောင်မျိုးမင်းက ပြောကြားသည်။

ထို့အတူ အခြားဆေးကုသမှု ခံယူနေရသည့် ကလေးငယ်တစ်ဦး၏ဖခင် ကိုဒန်နီရယ်က “ဒီနေ့မနက် ၁၁ နာရီလောက်ကတည်းက တခြားရပ် ကွက် ကနေ ဓာတ်ငွေ့နံ့ရနေတာ။ ဆရာမက ကလေးတွေ ဒီလိုဖြစ်နေတယ်လို့ ဖုန်းဆက်တော့ ကျွန်တော်ပြေးသွားတယ်။ ရောက်သွားတော့ ကျွန်တော့်သမီးလေး အပါအဝင် တခြားကလေးတွေက မူးပြီးအန်နေတာ တွေ့ရတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း ရူမိတဲ့ကလေးတွေ အားလုံးကို ဆေးရုံကိုပို့ပေးတယ်။ အခုလိုဖြစ်ရတာ စက်ရုံတာဝန်ရှိသူတွေမှာ တာဝန်ရှိတယ်။ နုနယ်တဲ့ကျောင်းသား ကလေးတွေအတွက် ဒီလိုအန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေနဲ့ အလုပ်လုပ်နေရတဲ့ စက်ရုံဟာ အဲဒီမှာ မရှိသင့်တော့ပါဘူး” ဟု ဆိုသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် ကလေးငယ်များကို ခရိုင်အုပ်ချုပ်ရေးမှူးက လာရောက် ကြည့်ရှုခဲ့ပြီး ၎င်းကဤဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးသွားမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအအေးခန်းစက်ရုံမှာ စက်မှုဝန်ကြီးဌာနပိုင်မြေကို ငှားရမ်းကာ ၁၉၉ဝ ခုနှစ် ပတ်ဝန်းကျင်လောက်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစက်ရုံ ပတ်ဝန်းကျင်နေသူ ပြည်သူများက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment