Saturday 19 July 2014

ခရီးသည် ၂၃ ဦး ဒဏ်ရာရရှိခဲ့သော ဒဂုံတောင်မြို့နယ်ရှိ ဘီအမ်ယာဉ် တိမ်းမှောက်မှု တွင် ယာဉ်မောင်းမှာ လိုင်စင်မရှိဘဲ မောင်းနှင်ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

ဒဂုံတောင်မြို့နယ်တွင် ဇူလိုင် ၁၅ ရက်က ဖြစ်ပွားခဲ့သော ခရီးသည် ၂၃ ဦး ဒဏ်ရာရရှိခဲ့သည့် ဘီအမ်ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ် သူမှာ လိုင်စင်မရှိဘဲ မောင်းနှင်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း အဆိုပါအမှုအား စစ်ဆေးဆောင်ရွက်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။ 
ထို့အပြင် ယင်းဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သော ခရီးသည် ၂၃ ဦးအနက် ငါးဦးသာလျှင် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန် ၁၈ ဦးမှာ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်း သိရသည်။ 

“ဒီဖြစ်စဉ်မှာ ယာဉ်မောင်းဖြစ်သူက လိုင်စင်မရှိပါဘူး။ သူ့ကိုစစ်ဆေးပြီးတော့ တရားရုံးမှာ တရားစွဲဆို တင်ပို့သွားမယ်။ အဲဒီယာဉ်မောင်းမှာ လိုင်စင်မရှိတဲ့အတွက် သူတို့ချင်းကျေနပ်ပြီးတော့ လျော်ကြေးတွေဘာတွေရပြီးတော့ တရားရုံးမှာ အမှုပိတ်သိမ်းချင်လို့ မရပါဘူး။ နောက်ပြီး ဒဏ်ရာရရှိတဲ့လူ ၂၃ ဦးမှာ ငါးဦးကပဲ ဆေးရုံအတွင်းလူနာအဖြစ် ဆေးကုသနေတုန်းပါ။ ကျန်တဲ့သူတွေကတော့ ဆင်းသွားပါပြီ။ ဒီငါးဦးကလည်း မစိုးရိမ်ရတော့ပါဘူး” ဟု အဆိုပါအမှုအား စစ်ဆေးဆောင်ရွက်နေသူ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ယဉ်ဌေးက ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ယာဉ်မောင်းမင်းနိုင် (၃၉)နှစ် မောင်းနှင်သော (၁၈၇) ဘီအမ် ခရီး သည် တင်ယာဉ်သည် သင်္ဃန်းကျွန်းဘက်မှ တောင်ဒဂုံဘက်သို့ အမှတ်(၂)လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ဒဂုံတောင် -မြောက် လမ်းဆုံ မီးပွိုင့်တွင် မီးပွိုင့်မိနေသဖြင့် ကွေ့ကြောမှတစ်ဆင့် မီးပွိုင့်ကိုရှောင်ပြီး တောင်ဒဂုံဘက်သို့ မောင်းနှင်ခဲ့ကြောင်း၊ ထို့သို့မောင်းနှင် စဉ် ကွေ့ကြောရှိ လမ်းချိုင့်ထဲသို့ ဘီးပြုတ်ကျပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါခရီးသည် ၂၃ ဦးမှာ ဒဏ်ရာများ အသီးသီးရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ယာဉ်မောင်းဖြစ်သူ မင်းနိုင်အား ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရဲစခန်းမှ ယာဉ် (ပ) ၃၇/၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment