Saturday 19 July 2014

လာဘ်စားမှုများဖြင့် မကြာခဏ အရေးယူခံရသော အကောက်ခွန်ဦးစီးဌာနရှိ ၀န်ထမ်းအဆင့်မှ ညွှန်ကြားရေးမှူး အဆင့်အထိ ဌာနတွင်း အပြောင်းအလဲ ပြုလုပ်

အကျင့်ပျက်လာဘ်စားမှုများဖြင့် မကြာခဏ အရေးယူခံရလေ့ရှိသည့် အကောက်ခွန်ဦးစီးဌာန၏ ဝန်ထမ်းများအား ဌာနတွင်း အပြောင်း အလဲ ပြုလုပ် ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ညွှန်ကြားရေးမှူးအဆင့်မှ စတင်၍ ဒုညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ အပါအဝင် ဝန်ထမ်းများ အပြောင်း အရွှေ့ အမိန့်အား ယခုလ ၉ ရက်နှင့် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြောင်းရွှေ့မိန့်ထုတ်ပြန်ရာတွင် ရန်ကုန်ရုံးချုပ်နှင့် ပြည်နယ်တိုင်းဒေသကြီး၊ မြို့နယ်ရုံးများရှိ အရာရှိများ အပြန်အလှန် ပြောင်းရွှေ့ခြင်း ပထမအသုတ်အား ဇူလိုင် ၁၅ ရက်မှ ဇူလိုင် ၁၈ ရက်အတွင်း ပြုလုပ်ရန်နှင့် ဒုတိယအကြိမ် အပြောင်းအရွှေ့အား  ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၅ ရက်အတွင်း အပြီးပြုလုပ်ရမည်ဖြစ်ပြီး ညွှန်ကြားရေးမှူး (နယ်ရုံး)များ တာဝန်ခံညွှန်ကြားရေးမှူးနှင့် ဆက်သွယ်ရမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းအမိန့်စာအမှတ် ၂၆၅/ ၂ဝ၁၄ အရ သိရသည်။

အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးများ ပြောင်းရွှေ့ရာတွင် ကာကွယ်ရေးဌာနခွဲမှ ဦးကျော်ဝင်းအား ထောက်ပို့ဌာနခွဲ၊ ထောက်ပို့ဌာနခွဲမှ ဦးမြလှအား နယ်ရုံးဌာနခွဲ၊ နယ်ရုံးဌာနခွဲမှ ဦးဝင်းလှိုင်အား စုံစမ်းစစ်ဆေးရေးဌာနခွဲ၊ စုံစမ်းစစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးအား ထုတ်/သွင်းဌာနခွဲ၊ ထုတ်/သွင်းဌာနခွဲမှ ဦးသိန်းဆွေအား စီမံရေးရာဌာနခွဲနှင့် စီမံရေးရာဌာနခွဲမှ ဦးလှမြင့်အား ဘဏ္ဍာ/လုပ်ငန်းစစ် ဌာနခွဲများသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့တာဝန် လဲလှယ်ခြင်းအား ဇူလိုင် ၂၅ ရက် နောက်ဆုံးပြုလုပ်ရမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ရုံးတွင်းအမိန့်စာ အမှတ် ၂၇၁/ ၂ဝ၁၄ အရ သိရသည်။

လာဘ်ပေးလာဘ်ယူမှု များပြားသည့် အကောက်ခွန်ဦးစီးဌာနအား ယခင်စစ်အစိုးရလက်ထက် ၂ဝဝ၄ ခုနှစ်တွင် အကောက်ခွန် ဦးစီးဌာန တစ်ခုလုံးအား ဖမ်းဆီးခြင်း၊ အရေးယူခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင်လည်း အကောက်ခွန်ဦး စီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူးနှစ်ဦး၊ ဦးစီးအရာရှိနှစ်ဦးနှင့် အခြားအဆင့် ဝန်ထမ်း ၁၂ ဦးတို့အား လာဘ်ပေးလာဘ်ယူမှု ပြဿနာများတွင် ပါဝင်သည်ဟု ဆုံးဖြတ်စစ်ဆေးခံရပြီး မယူမနေရ အငြိမ်းစားပေးခဲ့ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ၂ဝ၁၂ ခုနှစ် ဇွန်လအတွင်းတွင် တရားမဝင် လိုင်စင်မဲ့ကားများကို ဆိပ်ကမ်းများမှ တရားမဝင် ထုတ်ယူခွင့်ပြုခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်းငါးဦး၊ အကောက်ခွန်ဦးစီးဌာနမှ ၃၃ ဦး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ ဝန်ထမ်း ငါးဦး စုစုပေါင်း ၄၃ ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးချဌာန ပြောင်းရွှေ့ အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အလုပ်ထုတ်အရေးယူ ခံရသူများတွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ ပါဝင်ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြခဲ့သည်။

လက်ရှိတွင် ပြောင်းရွှေ့ရသည့် ဝန်ထမ်းအရေအတွက်နှင့် လာဘ်ပေးလာဘ်ယူ မှုများတွင် ပါဝင်ပတ်သက်ခြင်းကြောင့် ပြောင်းရွှေ့ရမှု ဟုတ်မဟုတ် သိရှိနိုင်ရန် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး အချို့နှင့် အရာရှိအချို့ထံ Eleven Media Group မှ ဆက်သွယ်မေးမြန်းရာ တုံ့ပြန်ဖြေဆိုခဲ့ခြင်း မရှိချေ။

Eleven Media Group

No comments:

Post a Comment