Saturday 19 July 2014

မြန်မာ-ထိုင်း နယ်စပ်ရှိ မြန်မာဒုက္ခသည်များအား ပြန်ပို့မည့်အစီအစဉ်ကို ထိုင်း စစ်အစိုးရ ကာကွယ်ပြောဆို

ထိုင်းနိုင်ငံ အာဏာသိမ်းစစ်အစိုးရက မြန်မာ-ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်များအား ပြန်ပို့မည့်အစီအစဉ်နှင့် ပတ်သက်၍ ဇူလိုင် ၁၈ ရက်က ကာကွယ်ပြောကြားရာတွင် အဆိုပါ နေရပ်ပြန်ပို့မည့် အစီအစဉ်သည် အချိန်သတ်မှတ်ထားခြင်း မရှိသေးကြောင်း ပြောဆိုခဲ့သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နေးရှင်းသတင်းဌာနက ဖော်ပြသည်။
“ဒုက္ခသည်တွေရဲ့ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာဟာ အရေးအကြီးဆုံးပါပဲ။ UNHCR အပါအ၀င် သက်ဆိုင်တဲ့သူတွေ အကုန်လုံးနဲ့ ဆက်လက်ဆွေးနွေး မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ထိုင်းစစ်အစိုးရက ပြောကြားသည်။

နယ်စပ်တွင် ခိုလှုံလျက်ရှိသည့် မြန်မာဒုက္ခသည်ပေါင်း ၁၃၀၀၀၀ နီးပါးကို ပြန်လည်ပို့ဆောင်ရာတွင် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပတ် သက်၍ များစွာစိုးရိမ်မိပါကြောင်း ဒုက္ခသည်များအရေး ကူညီနေသည့် အဖွဲ့အစည်းများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အဆိုပါ ဒုက္ခသည် များမှာ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်နှင့် သွေးထွက်သံယိုမှုများကြောင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည်မှာ ဆယ်စုနှစ်သုံးခုခန့် ရှိနေပြီဖြစ်သည်။

ထိုကဲ့သို့ မြန်မာဒုက္ခသည်များအား ပြန်ပို့မည်ဆိုသည့်ကိစ္စမှာ ထိုင်းနိုင်ငံအာဏာသိမ်း စစ်အစိုးရခေါင်းဆောင်က အဆိုပါအရေးကိစ္စအား မြန် မာ အစိုးရနှင့် ဆွေးနွေးပြီးဖြစ်သည်ဟု ၎င်း၏ အပတ်စဉ်ရုပ်သံမိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်းပြောကြားရာမှ ထွက်ပေါ်လာ ခဲ့ခြင်းဖြစ် သည်။

ဇူလိုင် ၁၁ ရက်ကပြုလုပ်သော ပြည်သူများသို့ အပတ်စဉ်မိန့်ခွန်းပြောကြားသည့် အစီအစဉ်တွင် ဗိုလ်ချုပ်ကြီးပရာယွတ်က ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက ထိုင်းနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သော မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လည်း အဆိုပါကိစ္စ ဆွေးနွေးပြီးဖြစ်သည်ဟု ၎င်းကပြောကြားသည်။

ဗိုလ်ချုပ်ကြီးပရာယွတ်က ဆက်လက်ပြောကြားရာတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ဒုက္ခသည်များ နေရပ်သို့ချောမွေ့စွာ ပြန်ရောက်နိုင်ရေး လိုအပ်ချက်များကို လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးပရာယွတ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ဆွေးနွေးပွဲတွင် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံး ကြုံတွေ့နေရသည့် တရားမ၀င် ခိုးဝင်ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် စိစစ်ခြင်း၌လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment