Saturday 19 July 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဇာနည်နေ့အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှပေးဝေခြင်းအခမ်းအနားသို့ တက်ရောက်ဆွမ်းကပ်အမျှဝေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊တက်ရောက်

(၆၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့ နယ် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပသည်။ 


အခမ်းအနားသို့ နိုင်ငံတော်သြ၀ါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်း တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ က၀ိသာရ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ၀န်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ ၊လေ) ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီ ၀င်များ၊ လွှတ်တော် ကိုယ် စားလှယ်များ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

အခမ်းအနားတွင် နိုင်ငံတော်သြ၀ါဒစရိယ ဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ နိုင်ငံတော်သမ္မတဦးသိန်းစိန်အမှူးပြုသော ဧည့်ပရိသတ် များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူသည့် ပရိတ်တရားတော်များကို နိုင်ငံေ တာ် သမ္မတနှင့် ဧည့်ပရိသတ်များက နာယူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပါဠိကျောင်းတိုက်ဆရာတော်ထံ လှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်ထောင် စုရွေးကော က် ပွဲကော် မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ၀န်ကြီးများ၊ တက်ရောက်လာကြသူများနှင့် နိုင်ငံရေး ပါတီ များမှ တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သြ၀ါဒါစရိယ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြကာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် နယ်ချဲ့ဗြိတိသျှတို့၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီး များဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ် ဦးဘချို၊ ဦးဘ၀င်း၊ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစ၀်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့အား ရည်စူးအမျှပေးဝေကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
တက်ရောက်လာကြသူများက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

သတင်းစဉ်
Senior General Min Aung Hlaing

No comments:

Post a Comment