Thursday 17 July 2014

ဒု-ရဲအုပ်တစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ရင်း ပစ်မိသဖြင့် ရဲတပ်သားတစ်ဦးသေဆုံး

ဒု-ရဲအုပ်တစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ရာမှ ကျည်ဆန်ထွက်ကာ ရဲတပ်သား တစ်ဦးသေဆုံးခဲ့ရမှု တစ်ခု ဇူလိုင် ၁၃ ရက်က တွံတေးမြို့၊ ကံဘဲ့ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များက အိမ်သို့ လာရောက် အကြောင်းကြားခြင်း မရှိဘဲ ပတ်ဝန်းကျင်မှ ရွာသူရွာသားများ လာရောက်ပြောပြမှသာ သိခဲ့ ရခြင်းဖြစ်သည်ဟု သေဆုံးသူ၏မိခင် ဒေါ်ငယ်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်က တွံတေးမြို့နယ်၊ ကံဘဲ့ ကျေးရွာ ဘုရားငုတ်တို တံတားအနီးရှိ ရဲ ကင်းတွင် တွံတေးမြို့မရဲစခန်းမှ ဒု-ရဲအုပ် သိန်းဇော်ဦးက ရဲတပ်သားတစ်ဦး ဖြစ်သည့် ဇော်ဝင်းထိုက်ကို ချိန်ရွယ်မိရာက ကျည် ထွက်သွားကာ သေနတ်ဒဏ်ရာ တစ်ချက် ရရှိခဲ့သည်ဟု ရဲစခန်းက ကနဦး အတည် ပြုထားသည်။

ထို့နောက် တွံတေးမြို့နယ်ဆေးရုံမှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်၍ ကုသမှုခံယူနေစဉ် ည ၇ နာရီ ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ကိုဇော်ဝင်းထိုက်မှာ အသက် ၃၀ နှစ်ခန့်ရှိပြီး တွံတေးမြို့မ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေ သည်မှာ လေးနှစ်ခန့်ရှိနေပြီဖြစ်ကာ ၎င်းင်းကို သေနတ် ဖြင့် ပစ်ခဲ့သည့် ဒု-ရဲအုပ်နှင့် ဆက်ဆံရေးမှာ အဆင်မပြေဖြစ်နေပြီး ရဲတပ်ဖွဲ့မှထွက်ရန် လည်း ပြောဆိုမှုများ ရှိနေသည်ဟု သေဆုံး သူ၏မိခင်က ပြော သည်။

“မဆုံးခင်ကတော့ ရဲကနေ ထွက်တော့ မယ်လို့ ပြောနေတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ သေနတ်နဲ့ ပစ်ခံရတာကို လည်း ရဲတွေက လာမပြောဘူး။ ပတ်ဝန်းကျင်က လာပြောတော့မှ သိရတာ။ သူ့ အဖေဆို ရင် (သူ့သားရဲ့)အသက်တောင် မမီတော့ဘူး”ဟု ၎င်းက ဆိုသည်။

တွံတေးမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲ မှူး ထွန်းသန်းက ပြောကြားရာတွင် ပစ်ခဲ့သည့် ဒု-ရဲအုပ်သိန်းဇော်ဦးမှာ အသက် ၃၅ နှစ်အရွယ်ခန့်ရှိပြီး တွံတေးမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ငါးနှစ်ခန့် သက်တမ်းရှိနေပြီဖြစ်ကာ ရည်ရွယ်ချက်ရှိ ရှိဖြင့် ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ နောက်ပြောင် ကာချိန်ရွယ်ခဲ့ခြင်း ဖြစ်ပြီး ပေါ့ဆမှုကြောင့် ကျည်ဆန်ထွက်သွားခဲ့သည်ဟု ဆိုသည်။

“သေဆုံးသူနဲ့ ဒု-ရဲအုပ်က ဆရာတပည့် အရင်းကြီးတွေပါ။ အဲ့ဒီနေ့က သတင်းပို့တဲ့ကိစ္စကို နောက်ပြောင် ရင်းနဲ့ မင်းကို ပစ်လိုက်ရမလားဆိုပြီး သေနတ်နဲ့ ချိန်လိုက်တာ ပစ်မိသလိုဖြစ်ပြီး ကျည်ဆန် ထွက်သွားတာ ပါ။ သူ့ပေါ့ဆမှုအတွက်လည်း အရမ်းဝမ်းနည်းနေပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကလည်း သေဆုံးသူရဲ့ နာရေးကိစ္စတွေကို ဆောင်ရွက်ပေးနေပါတယ်”ဟု အထက်ပါ စခန်းမှူးက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒု-ရဲအုပ် သိန်းဇော်ဦးကို တွံတေးမြို့မရဲစခန်း(ပ) ၂၅၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်ပါ အရေးယူရန် ဆောင်ရွက်လျက် ရှိသည်။

Mizzima - News in Burmese 

No comments:

Post a Comment