Thursday 17 July 2014

ကန့်ဘလူ တပ်သိမ်းမြေ ပြဿနာအတွက် တောင်သူများစွာ အငြင်းပွားဖွယ် တရားစွဲ၊ ထောင်ချခံနေရပြီး ဥပဒေနှင့်လွဲချော်သည့် ဖြေရှင်းပုံကြောင့် အခြေအနေ ပိုမိုဆိုးရွားလာ

ကန့်ဘလူ ကြံစီမံကိန်းမြေဧရိယာအချို့တွင် မူလပိုင်ရှင်တောင်သူများ ထွန်တုံးတိုက်ပွဲဆင်နွှဲနေစဉ်
ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားနေသော ကြံစီမံကိန်းတပ်သိမ်းမြေယာ အငြင်းပွားမှု ပြဿနာများ အတွက် တောင်သူဦးရေ လေးရာဝန်းကျင်အား ဆက်တိုက် တရားစွဲဆိုမှုများ ပြုလုပ်ခြင်းနှင့် ကနဦး တရား စွဲဆို ခဲ့သော ဒေသခံခြောက်ဦးကို ကန့်ဘလူမြို့နယ် တရားရုံးက အငြင်းပွားဖွယ် ထောင်ဒဏ်များ (တစ်နှစ်မှ နှစ်နှစ်အထိ) ချမှတ်ခြင်းတို့ ပြုလုပ်ပြီးနောက် တပ်သိမ်းမြေပြဿနာ အခြေအနေမှာ ပိုမိုဆိုးရွားသည့် အနေအထား တစ်ရပ်သို့ ရောက်ရှိလာခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက စတင်ခဲ့သော တပ်သိမ်းမြေပြဿနာများကို ဖြေရှင်းပုံမှာပြဌာန်း ဥပဒေများနှင့် လွဲချော်နေ ခဲ့ပြီး ညှိနှိုင်း စေ့စပ်မှုများ၏ နောက်ဆုံးရလဒ် ကတိများကို တပ်မတော်တာဝန်ရှိသူများက အကြိမ်ကြိမ် ဖောက်ဖျက်ခဲ့ကြ ကြောင်း မြေသိမ်းခံ၊ တရားစွဲခံတောင်သူများက ပြောကြားသည်။

“စသိမ်းတုန်းက ဧက ၁၃ဝဝဝ။ စပြီး ဖြေရှင်းစက အကုန်ပြန်ပေးမယ်ပြောတယ်။ ပြီးတော့ ဧက ၁ဝဝဝ ကျော် ပြန်ပေးပြီဆိုတယ်။ နောက်တစ်ခါ တပ်က ဧက ၅ဝဝဝ လောက် ခုတ်ထွင်ခဲ့ပါတယ်လို့ ပြောပြန်ရော။ အခုကျတော့ ဘာမှပြန်မပေး နိုင်တော့ဘူးတဲ့။ တော်တော်လေးဆိုးပါတယ်” ဟု ပေကြီးကျေ ရွာ ဒေသခံ တစ်ဦးက ဆိုသည်။

ကတိဖောက်ဖျက်မှုများကြောင့် ပြဿနာများသည် ယခုနှစ်ပိုင်းတွင် သိသာစွာ တင်းမာလာခဲ့ပြီး တောင်သူ များမှာ ထွန်တုံးတိုက်ပွဲများ အကြိမ်ကြိမ် ဆင်နွှဲခြင်းနှင့် တပ်သီးစားသမား၊ တပ်တာဝန်ရှိသူများက တောင်သူ များကို အကြိမ်ကြိမ်တရားစွဲဆိုခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။

“တကယ်က အဲဒီအမှုကိုမနှစ် ကတည်းက စွဲခဲ့ပေမယ့် မြို့နယ်ရော၊ ခရိုင်ရုံးကပါအမှုကို လက်မခံခဲ့ဘူး။ အခုလောလောဆယ် ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု) နဲ့ တရားစွဲခံရတဲ့ တောင်သူလေးရာကျော်ပြီ ထင်တယ်” ဟု ခအုံးတာကျေးရွာမှ မြေသိမ်းခံတောင်သူ ဦးသန်းထိုက်က ဆိုသည်။

လက်ရှိအချိန်တွင် ကြံစီမံကိန်းမြေဧရိယာများရှိ မူလတောင်သူများ ထွန်ယက်စိုက်ပျိုးနေသော မြေနေရာ အချို့၌ တပ်လေ့ကျင့်ရေးနေရာ ပြုလုပ်ခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ရှိနေကာ မြေပြန်လည်ရရှိရန် ဦးဆောင်ကြိုးပမ်း နေသူများကို တပ်မတော်တာဝန်ရှိသူ အချို့က ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ကို တရားစွဲတဲ့နေရာမှာ လုပ်ဇာတ်တွေ အများကြီးပါတယ်။ ဒါကတရားခွင်မှာလည်း ပေါ်ပေါက် ပါတယ်။ ဒါပေမဲ့ အာဏာရှင်စနစ်ရဲ့ အကျင့်ဟောင်းတွေဟာ တရားစီရင်ရေးကို ကလေးကစားစရာလို လုပ်ပစ်ကြတယ်” ဟု ငှက်ပျောတိုင်းကျေးရွာမှ မြေယာအရေး ဆောင်ရွက်သူတစ်ဦးက ပြောကြားသည်။

တရားခွင်စစ်ဆေးမှုများတွင် ကန့်ဘလူမြို့နယ် မြေစာရင်းတာဝန်ရှိသူက တောင်သူများမှာ သီးနှံများကို ဖျက် ဆီးခဲ့ခြင်း မရှိကြောင်းနှင့် စီမံကိန်းလုပ်ဆောင်ခြင်းမရှိသော မြေလွတ်များကိုသာ ဝင်ရောက် စိုက်ပျိုး ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

“ကျွန်တော်တို့ တရားစွဲခံထားရတဲ့ အမှုအတွက် ဇူလိုင် ၁၇ မှာအမိန့်ချမယ်လို့ပြောတယ်။ တရားသဖြင့် ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ဒါပေမဲ့ မမျှော်လင့်ပါဘူး”  ဟု ထောက်ရှာအိုင်ကျေးရွာ တောင်သူ ဦးတင် က ဆိုသည်။

ကြံစီမံကိန်း မြေယာပြဿနာများအတွက် အငြင်းပွားဖွယ် ပြစ်ဒဏ်များချမှတ်မှုအပေါ် တောင်သူများက မကျေမနပ်ဖြစ်လျက်ရှိပြီး မတရားမှုများ တိုက်ဖျက်ပေးရန်၊ ဥပဒေစိုးမိုးမှု ရှိစေရန်တို့ကို အစိုးရအား တောင်းဆိုဆန္ဒပြသွားမည် ဖြစ်ကြောင်း သိရသည်။

ကြံစီမံကိန်း မြေယာပြဿနာအပြင် သကြားစက်ရုံမြေနေရာအတွက် လယ်မြေအဓမ္မ သိမ်းယူမှုမှာလည်း ဖြေရှင်းမပြီးသေးကြောင်း ဇီးကုန်းနယ်မှ လယ်သိမ်းခံတောင်သူများက ဆိုသည်။  

Eleven Media Group 

No comments:

Post a Comment