Tuesday 27 May 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ (Japan's Self Defense Force) ၏ စစ်ဦးစီးချုပ် General Shigeru IWASAKI အား ဂုဏ်ပြုကြိုဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိလာသော ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ (Japan's Self Defense Force)၏ စစ်ဦးစီးချုပ် General Shigeru IWASAKI အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။ 

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တက်ရောက်ကြပြီး ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ်နှင့်အတူ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ စစ်သံမှူး Colonel Takashi HARA တို့တက်ရောက်ကြသည်။
ဂုဏ်ပြုကြိုဆိုပွဲတွင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။ 
ထို့နောက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။

ယင်းနောက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ၎င်းနှင့်အတူ အခမ်းအနားတက်ရောက်လာကြသည့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ အရာရှိကြီးများနှင့် မိတ်ဆက်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း မြန်မာဘက်မှ တပ်မတော်အရာရှိကြီး များနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆွေတော်၏ ခရီးစဉ်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် ပထမဦးဆုံး အကြိမ်မြန်မာနိုင်ငံသို့လာရောက်သည့် ဂျပန်နိုင်ငံစစ်ဦးစီးချုပ်၏ ခရီးစဉ်ဖြစ်၍ မြန်မာ-ဂျပန်တပ်မတော်နှစ်ရပ်ကြား သမိုင်းမော်ကွန်းတင်ရမည့် ခရီးစဉ်ဖြစ်ကြောင်း၊ ယခုနှစ်သည် ၁၉၅၄ ခုနှစ်က စတင်ခဲ့သည့် မြန်မာ-ဂျပန်သံတမန်ဆက်ဆံရေး နှစ်(၆ဝ)ပြည့်နှစ်ဖြစ်သကဲ့သို့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့မှု နှစ် ၆ဝ ပြည့်နှစ်ဖြစ်၍ ထူးခြားပါကြောင်း၊ မြန်မာ့တပ်မတော်နှင့် ဂျပန်တပ်မတော်တို့သည် သမိုင်းအရ ဆက်စပ်မှုများ ရှိခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း တွင်လည်း ဂျပန်တပ်မတော်သုံးစစ်ပစ္စည်းများစွာ မြန်မာ့တပ်မတော်တွင် သုံးစွဲခဲ့ပြီး ဆက်ဆံရေးမပျက်ခဲ့ကြောင်း၊ လက်ရှိတပ်မတော် ၏ ခေါင်းဆောင်များ အနေဖြင့်လည်း ဂျပန်တပ်မတော်နှင့် အကျိုးတူကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူဦးရေလွန်စွာများပြားသည့် တရုတ်၊ အိန္ဒိယအပါအဝင် အိမ်နီးချင်း ၅ နိုင်ငံ အလယ်တွင် တည်ရှိပြီး လူဦးရေ သန်း ၆ဝဝ ခန့်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သလို ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ လက်ရှိမိမိနိုင်ငံသည် တပ်မတော်အစိုးရက စတင်ဖော်ဆောင်ပေးခဲ့သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပါကြောင်း၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများကြောင့် ပွင့်လင်းမြင်သာမှုများစွာရှိပါကြောင်း။

တပ်မတော်အနေဖြင့် စည်းကမ်းနှင့်အညီ၊ နိုင်ငံတော်အခြေအနေနှင့် ကိုက်ညီသော ဒီမိုကရေစီစနစ်ကို လိုလားပါကြောင်း၊ အောင်မြင်အောင်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်သွားစေရန် ဥပဒေနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား၊ နိုင်ငံတကာအကြား ဆက်ဆံရေးကိစ္စရပ်များတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများနှင့်အညီ လုပ်ဆောင်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များတွင် အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမြှင့်တင်ဆောင်ရွက် သွား မည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။ 

ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်က မြန်မာနိုင်ငံသည် မိမိတို့၏မိတ်ဆွေဟောင်းဖြစ်ခဲ့သလို မိတ်ဆွေ သစ် လည်းဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှစတင်၍ ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာသမိုင်းကိုလည်း အလေးထားပါကြောင်း၊ လက်ရှိဒီမိုကရေစီ ဖော်ဆောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများတွင်လည်း မိတ်ဆွေသစ်အနေဖြင့် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေချိန်တွင် အာဆီယံ တပ်မတော်ပိုင်းဆိုင်ရာအစည်းအဝေးများ အောင်မြင်စွာကျင်းပ ဆောင်ရွက် နိုင်သည်ကိုလည်း ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်ကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ည(၇)နာရီ တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ၏ စစ်ဦးစီးချုပ်နှင့် ဇနီးတို့အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ဂုဏ်ပြုညစာစားပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး General Shigeru IWASAKI က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြဝတီတေးဂီတ အဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ညစာသုံးဆောင်အပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ General Shigeru IWASAKI နှင့်ဇနီး တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး သီဆိုဖျော်ဖြေခဲ့ကြသော မြဝတီတေးဂီတ အဖွဲ့သား များအား ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ကာ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။ 

မြဝတီ

No comments:

Post a Comment