Tuesday 27 May 2014

အဆင့်မြင့်ပညာရေးဆိုင်ရာ အထူးအချက် ခုနစ်ချက် ဆွေးနွေး

အဆင့်မြင့်ပညာရေးဆိုင်ရာ အထူးအချက် ခုနစ်ချက်ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၊ ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်း (Open Society Foundation) တို့ ဦးဆောင်ကာ မေလ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်ကြာ ဆွေးနွေးမည် ဖြစ်သည်။ 

အထူးအချက် ခုနစ်ချက်မှာ ဒေသတွင်း ပညာရေး အရည်အသွေး အာမခံမှုစနစ်နှင့် ကျောင်းများ ပူးပေါင်း ဆက်သွယ်မှုဖြင့် ဆက်စပ် တက်ရောက်နိုင်ခြင်း၊ အဆင့်မြင့်ပညာရေးကဏ္ဍ ဘဏ္ဍာရေးဆိုင်ရာများ၊ အဖွဲ့အစည်း၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ နိုင်ငံတွင်း အရည်အသွေး အာမခံမှု အေဂျင်စီနှင့် စနစ်များ၊ ပုဂ္ဂလိကပိုင် ပညာရေး၊ ပုဂ္ဂလိကပိုင် အဆင့်မြင့်ပညာရေး၊ မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေးကဏ္ဍ ဆက်စပ် အကြောင်းအရာများ ဖြစ်သည်။ 

ယခု ဆွေးနွေးပွဲသည် အနာဂတ်တွင် နိုင်ငံပညာရည် မြင့်မားရေး ဖြစ်ပြီး တစ်မျိုးသားလုံး တိုးတက်စေရန် ဖြစ်ကြောင်း၊ ယခု ဆွေးနွေးမည့် အချက်များသည်လည်း အမျိုးသားပညာရေး ဥပဒေ ပြဋ္ဌာန်းရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များ ပါဝင်ကြောင်း၊ နောက် လွှတ်တော်အစည်းအဝေး အမျိုးသားလွှတ်တော်တွင် ထည့်သွင်း ဆွေးနွေးမည် ဖြစ်ကြောင်း အောက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းထောက်များသို့ ပြောကြားသည်။
“ပြောတဲ့နောက်တော့ အက်ရှင် (လုပ်ဆောင်ချက်) ရှိရမယ်” ဟု ဆွေးနွေးပွဲ တက်ရောက်လာသည့် ပါမောက္ခတစ်ဦးက The Voice သို့ ပြောသည်။ 

ကဏ္ဍ ခုနစ်ခုအနက် မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေး ဆက်စပ် အကြောင်းအရာများ ဖြစ်သည့် အဖွဲ့အစည်း၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ဘဏ္ဍာရေး၊ အရည်အသွေး အာမခံမှုစနစ်၊ ပုဂ္ဂလိကအဆင့်မြင့် ပညာရေးဆိုင်ရာများကို UNESCO- Myanmar မှ အဆင့်မြင့်ပညာရေး အထူးပြု Roger Y. Chao Jr က မေလ ၂၇ ရက်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း အခမ်းအနား ကြီးကြပ်မှု တာဝန်ရှိသူထံမှ သိရသည်။ 

ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် Southeast-Asian Ministers of Education Organization, Regional Centre for Heigher Education and Development (SEAMEO RIHED) အဖွဲ့မှ ရှေ့ဆောင်ဒါရိုက်တာ Dr. Sauwakon Ratanawijitrasin သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ Prof.Dr.Bruce Chapman၊ Central Europen University မှ Porf.Dr Liviu Matei စသည့် ပုဂ္ဂိုလ်များ ပါဝင် ဆွေးနွေးလျက် ရှိသည်။ 

(နေဇာကျော်)
The Voice Weekly

No comments:

Post a Comment