Tuesday 27 May 2014

ထိုင်းအာဏာသိမ်းမှုဂယက် မြန်မာလုပ်သားများ အကျပ်တွေ့

ထိုင်းနိုင်ငံတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထား၍ ထိုင်းရောက် မြန်မာများ၏ အလုပ်ချိန်များ လျော့နည်းကာ ဝင်ငွေများ လျော့ကျနေပြီး အချိန်ကြာလာသည်နှင့် အမျှအခက်အခဲ အကျပ်အတည်းနှင့် ကြုံတွေ့နေ ရကြောင်း လုပ်သား အရေး ဆောင်ရွက်သူများနှင့် မြန်မာလုပ်သားများထံမှ သိရှိရသည်။ 

ညမထွက်ရ အမိန့်ကြောင့် စက်ရုံ၊ အလုပ်ရုံများတွင် အချိန်မီ အလုပ်ရပ်နားပေးရသည့် အတွက် လုပ်သား များ အလုပ်ချိန်များ လျော့ နည်းခြင်းအပြင် ညပိုင်းတွင် ဖွင့်လှစ်သည့် ဈေးဆိုင်များမှာလည်း အချိန်မီ ပိတ်သိမ်း ရ၍ ဝင်ငွေ လျော့ကျကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့် အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။ 

“ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ မြန်မာတွေအတွက် စီးပွားရေးအရရော၊ ဝင်ငွေအရရော များစွာ ထိခိုက်နိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။ 

ဘန်ကောက်မြို့တော်ရှိ ညပိုင်း ဖွင့်လှစ်သည့် ဈေးဆိုင် အများစုတွင် မြန်မာ အလုပ်သမားများကို ခန့်ထားပြီး ညမထွက်ရ အမိန့်ကြောင့် အချိန်စောစော အလုပ်ပိတ်သိမ်းရသဖြင့် မြန်မာလုပ်သားများအတွက် ထိခိုက်ကြောင်း၊ ညမထွက်ရ အမိန့်ရှိသဖြင့် မြန်မာလုပ်သားများ လုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ချိန်များကို ပြောင်းလဲ သတ်မှတ်ကာ လုပ်ကိုင်ရန် စီစဉ်နေကြကြောင်း ဦးအောင်ကျော်က ဆိုသည်။ 

ညမထွက်ရ အမိန့်ကြောင့် ယခင်ကထက် အချိန်နှစ်နာရီခန့် စောကာ အလုပ်ပိတ်သိမ်းရပြီး ဈေးဝယ်သူ လည်း နည်းပါးကြောင်း၊ ယခင်က ၁၀ နာရီခန့်တွင် ပိတ်သိမ်းသည့် ကုန်တိုက်များမှာလည်း ရှစ်နာရီ ဝန်းကျင်ခန့် တွင် ပိတ်သိမ်းနေကြသဖြင့် မြန်မာလုပ်သားများ၏ အလုပ်ချိန်များ လျော့နည်း သွားသော ကြောင့် ဝင်ငွေလည်း လျော့ကျကြောင်း ဘန်ကောက်တွင် ညပိုင်း ဈေးဆိုင်ဖွင့်လှစ်ထားသည့် မြန်မာ အမျိုးသမီး တစ်ဦးက ပြောကြားသည်။ ထိုင်းနိုင်ငံတွင် ညမထွက်ရ အမိန့်က ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ထုတ်ပြန်ထားသည်။ 

ခြောက်လတာ နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်ရပြီးနောက် ထိုင်းနိုင်ငံတွင် မေလ ၂၀ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီး မေလ ၂၂ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ 

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိသည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။ 

The‬ Voice Weekly

No comments:

Post a Comment