Tuesday 27 May 2014

အစ္စရေးနှင့် ပါလက်စတိုင်း တို့ အကြား ငြိမ်းချမ်းရေး ပိုမို တိုးမြှင့် ဆောင်ရွက်ရန် ပုပ်ရဟန်း မင်းကြီး တိုက်တွန်း

အစ္စရေးနှင့် ပါလက်စတိုင်း တို့အကြား ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် နည်းလမ်းများအား ဆက်လက်ရှာဖွေသွားကြရန် အစ္စရေးနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်က မေ ၂၅ ရက်တွင် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။ အမှန်တကယ် ငြိမ်းချမ်း ရေး ရရှိလာမည်ဖြစ်ပြီး စိတ်ကူးယဉ် အိပ်မက်တစ်ခုအဖြစ် ကျန်ရှိနေလိမ့်မည် မဟုတ်ကြောင်းနှင့် အစ္စရေး နိုင်ငံအနေဖြင့် အမှန်တကယ် ငြိမ်းချမ်းလုံခြုံစွာ နေထိုင်သကဲ့သို့ ပါလက်စတိုင်း အနေဖြင့်လည်း ထိုကဲ့သို့ သော ဆန္ဒများရှိကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။ ထို့အပြင် အစ္စရေးသမ္မတ ရှီမွန်ပီရက်စ်နှင့် ပါလက်စတိုင်းသမ္မတ မာမွတ်အဘာ့စ်တို့အား ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ရန်အတွက် ပုပ်ရဟန်း မင်းကြီး နေထိုင်ရာပရိဝုဏ်သို့ အလည်အပတ် လာရောက်ကြရန် ပုပ်ရဟန်းမင်းကြီးက ဖိတ်ကြားခဲ့သည်။ 

ပီရက်စ်အနေဖြင့် ဖိတ်ကြားမှုအား ကြိုဆိုလိုက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မည်သည့်ကြိုးပမ်းမှုကိုမဆို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး အလည်အပတ် လာရောက်ခြင်းသည် အစ္စရေး နိုင်ငံ၏ အမှန်တရားများကို ဖော်ထုတ်ပြသနိုင်မည့် အခွင့်အလမ်း တစ်ရပ်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အစ္စရေးနိုင်ငံ သမ္မတ ရှီမွန်ပီရက်စ်၊ ဝန်ကြီးချုပ် နေတန်ယာဟုတို့နှင့် မေ ၂၅ ရက်နှင့်၂၆ ရက်တို့တွင် တွေ့ဆုံခဲ့ကြောင်း သိရ သည်။

မြ၀တီ

No comments:

Post a Comment