Tuesday 27 May 2014

မောင်တောတွင် ခြိမ်းခြောက် ငွေတောင်းသည့် ဘင်္ဂါလီတစ်ဦးထံမှ လက်နက်ဖမ်းမိ

လက်နက်ကိုင် အကြမ်းဖက်တပ်ဖွဲ့များ မကြာခဏ ဝင်ရောက်လေ့ရှိသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရှိ ဦးဒေါင်းကျေးရွာအုပ်စု ဇုံမာဘင်္ဂါလီကျေးရွာ ဒေသခံများထံမှ ခြိမ်းခြောက် ငွေတောင်းယူသည့် ဘင်္ဂါလီ တစ်ဦး ကို သေနတ်နှင့်အတူ မေလ ၂၅ ရက်နေ့က ဖမ်းဆီးရမိကြောင်း ဦးဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်က ပြောကြားသည်။

ဇုံမာကျေးရွာတွင် နေထိုင်သည့် ဘင်္ဂါလီများထံမှ ခြိမ်းခြောက် ငွေတောင်းယူရန် ကြိုးပမ်းသည့် အသက် ၃၀ နှစ် အရွယ်ရှိ ဘင်္ဂါလီအမျိုးသား မာမက်ယာဆိန်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ နေအိမ်ကို ထပ်မံစစ်ဆေး ရှာဖွေရာတွင် လက်လုပ် တစ်ချက်ပေါက် သေနတ်တစ်လက်နှင့် ကျည်နှစ်တောင့် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဖမ်းဆီးမှုတွင် လိုက်ပါခဲ့သူ ၎င်းကဆိုသည်။ 

မာမက်ယာဆိန်းသည် ၎င်းကျေးရွာတွင် နေထိုင်သူ ဒိုရိုဇင်နှင့် ယာ့ယာ့ဆိုသူ နှစ်ဦးကို လက်ကိုင်ဖုန်းဖြင့် ဆက် သွယ်ကာ အဒူလာကိန်း အမည်ရ ဓားပြအဖွဲ့က ငွေငါးသိန်း တောင်းနေသည်ဟု ဆိုကာ ခြိမ်းခြောက် ခဲ့ကြောင်း၊ ငွေတောင်းခံရသူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့တို့ ပူးပေါင်း လှည့်ကွက်ဆင်၍ ဖမ်းဆီးခဲ့ရကြောင်း ဦးတင်မောင်က ပြန်လည်ရှင်းပြသည်။

“ငွေနှစ်သိန်း ထုတ်ပေးခိုင်းလိုက်တယ်။ ငွေပေးတဲ့ အချိန်မှာ ရဲတပ်ဖွဲ့ကို ခေါ်ပြီးတော့ ဖမ်းလိုက်တယ်” ဟု ၎င်းက ဆိုသည်။ မာမက်ယာဆိန်း ဆိုသူကို လက်နက်ကိုင်ဆောင်မှု၊ ခြိမ်းခြောက် ငွေတောင်းယူမှု၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံထုတ် ဖုန်းလိုင်းကတ် ကိုင်ဆောင်မှုတို့ဖြင့် မောင်တောမြို့နယ် တရားရုံးတွင် အမှုဖွင့်ထားကြောင်း ဒေသအာဏာပိုင်များထံမှ သိရှိရသည်။  

The Voice Weekly

No comments:

Post a Comment