Wednesday 14 May 2014

ကလေးဒေသတွင်း တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ပထမဆုံး အကြိမ် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို ပထမဆုံး အကြိမ် အဖြစ် မေလ ၁၇ ရက်နေ့တွင် သိမ့်ခန်းမ၌ ပြုလုပ်မည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် ကလေးလူမှုကွန်ရက် ကော်မတီဝင်များက ပြောကြားသည်။

ယင်းဆွေးနွေးပွဲသို့ ဥပဒေပြု အဖွဲ့အစည်း၊ တရားစီရင်ရေး အဖွဲ့အစည်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများအပြင် စိတ်ဝင်စားသူများ တက်ရောက်နိုင်ရန် စီစဉ်ထားကြောင်း၊ ဒေသခံများ တရားဥပဒေနှင့်ဆိုင်သော အကြောင်းအရာများကို သေချာစွာ သိရှိစေရန်နှင့် ဥပဒေမဲ့ ဖြစ်ရပ်များကို မည်ကဲ့သို့ ဖြေရှင်းကြမည်တို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း ယင်းကွန်ရက် အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“လူမှုကွန်ရက်တွေ ကလေးဒေသမှာ များလာတာ ကောင်းပါတယ်။ခုဆိုရင် အဖွဲ့ ၁၀ ခုထက်မနည်း ရှိတယ်။ ဒါပေမဲ့ ဒေသအတွက် အမှန်တကယ် အကျိုးပြုအောင် လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေ နည်းသေးတယ်။ နောက်ပြီး ဒီလို ကွန်ရက်တွေအပေါ်မှာ ဒေသခံတွေရဲ့ စိတ်ဝင်စားမှုကလည်း မရှိသလောက်ပဲ” ဟု အောင်သစ္စာ ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။

လူမှုကွန်ရက် (ကလေး) ကို လူမှုအဖွဲ့အစည်း အချင်းချင်း ချိတ်ဆက်မှု ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ကလေးခရိုင် အတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း အဖြစ်အပျက်များ၊ သတင်း အချက်အလက်များနှင့် အဖွဲ့အစည်းအသီးသီး၏ လှုပ်ရှားမှု အခြေ အနေ များကို လစဉ်ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း ယင်းကွန်ရက် မှတ်တမ်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment