Wednesday 14 May 2014

ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ တစ်ဦးလျှင် အာမခံကြေး ငွေကျပ် ၄၅ သိန်း ပေးလျော်မည်

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇ တွင် ရာဇာမင်းခရီးသည်တင် တိမ်းမှောက်ခဲ့ရာမှ သေဆုံးခဲ့သူ ၁၄ ဦးကို အသက်အာမခံကြေး တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်းဖြင့် ရက်ပိုင်းအတွင်း ထုတ်ပေးသွားရန် စီစဉ်လျက် ရှိကြောင်း အဝေးပြေး မော်တော်ယာဉ် ထိန်းသိမ်းရေး၊ နေပြည်တော်ရုံးထံမှ သိရှိရသည်။

“သေဆုံးသူ ၁၄ ဦးထဲမှာ တစ်ဦးရဲ့မိသားစုဝင်က ခုထိလာရောက် ဆက်သွယ်မှု မရှိသေးတာကြောင့် အသက် အာမခံကြေးကို မပေးသေးတာပါ။ ဒဏ်ရာရတဲ့ သူတွေကိုလည်း ဒဏ်ရာအခြေအနေပေါ်မူတည်ပြီး နစ်နာကြေးပေးဖို့ စီစဉ်နေတယ်။ ရက်ပိုင်းအတွင်းပေးဖို့ စီစဉ်ထားတယ် ဆိုပေမယ့် ဘယ်ရက်ဆိုတာကို အတိ အကျပြောဖို့ လတ်တလော တိုင်ပင်ဆွေးနွေးနေတယ်” ဟု အဆိုပါ နေပြည်တော်ရုံးမှ လက်ထောက် ဌာန မှူး ဦးစိုးကြီးက ပြောကြားသည်။

ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့စဉ် ဒဏ်ရာရရှိသူ ၂၉ ဦးအနက် သုံးဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ အဆိုပါ စိုးရိမ်ရသူ သုံးဦးမှာ ဦးနှောက် အာရုံကြောဌာနနှင့် အရိုးကုသဆောင်တို့ရှိ အထူးကြပ်မတ်ဆောင်များတွင် ကုသလျက် ရှိပြီး မေလ ၁၃ ရက် ညနေ ၅ နာရီထိ သတိပြန်လည် မရှိသေးကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေဝင်းက ရှင်းပြသည်။

“ခုတင် ၁၀၀၀ ဆေးရုံမှ ၂၆ ဦးနဲ့ လယ်ဝေးဆေးရုံမှာ သုံးဦး တင်ထားတယ်။ လက်ရှိစိုးရိမ်ရသူ သုံးဦးက ခုတင် ၁၀၀၀ ဆေးရုံက အထူးကြပ်မတ်ဆောင်မှာ ကုသနေပါတယ်။ ယာဉ်မောင်းရဲ့ အခြေအနေကတော့ မစိုးရိမ်ရဘူး။ အတွင်းလူနာဆောင်မှာ သူ့ကို အစောင့်ရဲတွေနဲ့ သီးသန့်ထားပြီး ကုသပေးနေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမြန်လမ်းပေါ်တွင် မော်တော်ယာဉ် တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားမှုကြောင့် အကျွတ်အလွတ်ပွဲ ကျင်းပအပြီး တစ်ရက်ခန့် အကြာတွင် မေလ ၁၂ ရက်နေ့ ည ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်း ယာဉ်လိုင်းမှ ခရီးသည်တင် အဝေးပြေး မော်တော်ယာဉ် တစ်စီးသည် အမြန်လမ်း မိုင်တိုင် ၁၉၇ မိုင်တွင် တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၁၄ ဦး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းပေါ်ရှိ ပန်းတင်ရဲစခန်းနှင့် အမြန်လမ်း ထိန်းသိမ်းရေး အင်ဂျင်နီယာရုံးတို့ထံမှ စုံစမ်းသိရှိရသည်။

တိမ်းမှောက်သွားသော ရာဇာမင်းယာဉ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ မိုင်ဝန်းကျင်ရှိ တံတားပေါ် အတက်တွင် လမ်းချော်၍ ချောက်ထဲ ပြုတ်ကျခြင်း ဖြစ်ကြောင်း ယင်းကားမှောက်သည်ကို တွေ့၍ ဝင်ရောက် ကူညီကယ်ဆယ်ခဲ့သည့် မကွေးမြို့မှ ရန်ကုန်မြို့ကို အမြန်လမ်းမှ လာရောက်သူ ဦးစိုးမင်းလွင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment