Wednesday 14 May 2014

ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ နိုင် ငံ တစ် ဝန်း လုံးရှိ ဘုရား၊ ပုထိုး၊ စေတီတော် တို့တွင် ကုသိုလ်ပုည ပြုကြ သူများဖြင့် စည်ကား လျက်ရှိ

ယနေ့သည် ၁၃၇၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ဖြစ်သည်။ ကဆုန် လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်၏ ''ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း'' ဟူသည့် ဖြစ်စဉ် တော်လေးရပ် တိုက်ဆိုင် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကဆုန် လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် တို့က ထူးမြတ်သည့် ဗုဒ္ဓ အခါတော်နေ့ တစ်နေ့အဖြစ် သတ်မှတ် ခဲ့ကြသည်။ ဖြစ်စဉ်တော်လေးရပ်တွင် ဗုဒ္ဓဘုရားရှင်သည် မဟာဗောဓိ ပင်ရင်း၌ သဗ္ဗညုတ ရွှေဥာဏ်ရှင် ဘုရားစင်စစ် ဖြစ်တော် မူခဲ့သည့် ဖြစ်စဉ်လည်း ပါဝင်သည်ကို အကြောင်း ပြုကာ ဗုဒ္ဓဘာသာ ဝင်များက ဗုဒ္ဓကို ရည်မှန်း ပူဇော်သည့် အနေဖြင့် မဟာ ဗောဓိပင်၌ ညောင်ရေသွန်းလောင်း ပူဇော်ခြင်းကို ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အဖြစ် သတ်မှတ်ကာ အစဉ်အလာမပျက် နိုင်ငံအနှံ့ စည်ကား သိုက်မြိုက်စွာ ဆင်နွှဲခဲ့ ကြခြင်းဖြစ်သည်။

ကဆုန် လပြည့်နေ့၌ ဗုဒ္ဓဘာသာဝင် များအနေဖြင့် စေတီလေးဆူတွင် တစ်ဆူ အပါအဝင် ဖြစ်သော ပရိဘောဂ စေတီဖြစ်သည့် မဟာဗောဓိ ညောင်ပင်ကို မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍ ဘုရားရှင် ကိုယ်စား ရေစင်သွန်း လောင်း ပူဇော်ခြင်း၊ ညောင်ပင် ကိုင်းထောက်ခြင်းတို့ကို ရှေးထုံးစဉ်လာမပြတ် ဘာသာ ဓလေ့ ထုံးတမ်း အစဉ်အလာအတိုင်း ဆောင်ရွက်ကြသည်မှာ ယနေ့ထိ တိုင်ပင်ဖြစ်သည်။
ထိုသို့ ဘုရားရှင်အား ရည်မှန်း၍ ပူဇော်သမှု ပြုခြင်းဖြင့် တစ်နှစ်တာ ပတ်လုံး ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်း၊ ကြွယ်ဝခြင်း ဆိုသည့် ကုသိုလ် ကောင်းမှုရရှိ ကြသည်ဟု ယုံကြည် မှုဖြင့် နှစ်စဉ်မပြတ် အသင်းအဖွဲ့ အလိုက်၊ ရပ်ကွက် အလိုက်၊ မိသားစု အလိုက် ပျော်ရွှင်စွာ ဆင်နွှဲ ကြသည်ကိုလည်း တွေ့မြင်ရပေသည်။
နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ် အတွင်းရှိ မဟာဗောဓိ ညောင်ပင် များအား ဆဋ္ဌမ အကြိမ်မြောက် ကဆုန်ညောင် ရေသွန်းလောင်း ပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့ ညနေ ၅နာရီတွင် ကျင်းပရာ နေပြည်တော် ကောင်စီဝင် များနှင့် ကဆုန် ညောင်ရေသွန်းလောင်း ကြသူများက ရှေးထုံးစဉ်လာ အတိုင်း ဗောဓိ ညောင်ပင်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

ထို့အတူ ဥပ္ပါတသန္တိ စေတီတော်၌ ယနေ့ နံနက်ပိုင်းမှ စတင်ကာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး လာကြသူများ၊ ကုသိုလ်ပုည ပြုကြသူများနှင့် တရား ဘာဝနာ ပွားများကြသူများဖြင့် အထူးစည်ကားလျက် ရှိသည်။

အလားတူ နေပြည်တော် ကောင်စီနယ် မြေအတွင်းရှိ ဓာတုစယ(ဓာတ်ပေါင်းစု)စေတီ၊ ဆုတောင်းပြည့် လောကမာရဇိန် စေတီ၊ ကိုးနဝင်းစေတီ၊ ရန်အောင်မြင် ရွှေရွက်လှ စေတီစသည့် မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်းကန်များ၌ တရားဘာဝနာ ပွားများ အားထုတ်ကြသူများ၊ ကုသိုလ်ပုည ပြုကြ သူများနှင့် ကဆုန်ညောင်ရေ သွန်းလောင်းကြသူများဖြင့် နေပြည်တော် တစ်ခွင်လုံးတွင် ဒါန၊ သီလ ပွားများ အားထုတ် သံများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။

ထို့နောက် ယနေ့နံနက်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်းကန်များ၌ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ အခမ်းအနားနှင့် ပရိဘောဂ စေတီမည် ထိုက်သော ဗောဓိ ညောင်ပင်တို့ အား ညောင်ရေ သွန်း လောင်းပူဇော်ခြင်း အခမ်းအနား များကို စည်ကား သိုက်မြိုက်စွာ ဆင်ယင် ကျင်းပကြသည်။

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် (၃၁)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပသည်။ ရှေးဦးစွာ နံနက် ၅ နာရီတွင် စေတီတော် ဧည့်ခံတန်ဆောင်း ၌ စေတီတော် မြတ်ကြီး အား ဆွမ်းတော်ကြီး ဆက်ကပ်ခြင်းနှင့် စေတီတော်သြဝါဒါ စရိယ ဆရာတော် ကြီးများနှင့် ပင့်သံဃာတော် များအား အရုဏ်ဆွမ်း ဆက်ကပ်ခြင်း တို့ကို ဆောင်ရွက်ကြပြီး စေတီတော် ဂေါပက အဖွဲ့က ဦးဆောင်ကာ ဘာ သာရေး အသင်း အဖွဲ့များ က စေတီတော် မြတ်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကြသည်။

ယင်းနောက် နံနက် ၇နာရီတွင် စေတီတော်သြဝါဒါ စရိယ ဆရာတော်ကြီးများက စေတီ တော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိ ညောင်ပင်အား ဗုဒ္ဓါ ဘိသေက အနေကဇာတင် တော်မူကြပြီး ညောင်ရေ သွန်းလောင်း ပူဇော်ကြသည်။ ဆက်လက် ၍ ဂေါပက အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ ရုံးဝန်ထမ်းများ၊ ဘုရားဖူး လာပြည်သူများက မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

အလားတူ မဟာဝိဇယ စေတီတော် မဟာ ဗောဓိ ညောင်ပင်၌ (၂၈)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းပွဲကို ကျင်းပရာ ဂေါပက အဖွဲ့ဝင်များက ''ဥဒ္ဒိဿယ ဇိနံဗုဒ္ဓံ'' အစချီ ညောင်ရေသွန်း ဂါထာကို ရွတ်ဆိုပူဇော်ခြင်း၊ ''ဇယောဟိ ဗုဒ္ဓဿ'' ဂါထာတော်နှင့် ဗောဓိညောင်နန်း အစချီ ရှစ်လုံးဘွဲ့ ကဗျာရွတ်ဆို၍ ညောင်ရေ သွန်းလောင်း ခြင်း၊ ဘာသာရေး အသင်းအဖွဲ့များ၊ ဘုရားဖူး ပြည်သူများက ''ဇယန္တော'' အစချီဆုတောင်း ပတ္ထနာ (၆)ဂါထာနှင့် ''သွန်းကြ-သွန်းကြ'' အစချီ ကဗျာများဖြင့် ရွတ်ဆို ကြ ပြီး မဟာဗောဓိ ညောင်ပင်အား ညောင်ရေ သွန်းလောင်း ပူဇော်ကြသည်။

သင်္ဃန်းကျွန်း မြို့နယ်ရှိ သမိုင်းဝင် ကျိုက္ကစံ ဆံတော်ရှင် စေတီတော်၌ (၁၁၄)ကြိမ် မြောက် ကဆုန်ညောင်ရေ သွန်းပွဲကို တနင်္လာထောင့်ရှိ ဗဟို မဏ္ဍပ်ရှေ့၌ ကျင်းပရာ ဂေါပက အဖွဲ့နှင့် ဘာသာရေး အသင်းအဖွဲ့များက စေတီတော်ကြီးအား လက်ယာရစ် တစ်ပတ် လှည့်လည် ပူဇော်ကြပြီး မဟာဗောဓိ ညောင်ပင်ကို ညောင်ရေ သွန်းလောင်း ပူဇော်ကြသည်။

ပုဇွန်တောင်မြို့နယ်ရှိ ရွှေဘုန်းပွင့် စေတီတော်၌ နံနက်(၄)နာရီခွဲတွင် စေတီတော်ဝင်း အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင် ကြသည်။

ထို့နောက် ဆရာတော်များ၊ ဂေါပကအဖွဲ့များက စေတီတော်အား လက်ယာရစ်တစ်ပတ် လှည့်လည် ပူဇော်ကြပြီး စေတီတော်ကြီးရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။ အများပြည်သူများ ညောင်ရေသွန်းလောင်းနိုင်ရန် ဝတ်အသင်းများ၊ ပရဟိတလူမှုရေးအဖွဲ့များက ကုသိုလ်ယူ ကူညီ ဆောင်ရွက် ပေးကြသည်။

ဗိုလ်တထောင် ကျိုက်ဒေး အပ်ဆံတော် ဦးစေတီတော်၌ ကဆုန်ညောင်သွန်းပွဲ ဖွင့်ပွဲ အခမ်းအနားကို နံနက်(၇)နာရီက စေတီတော် ရင်ပြင် တနင်္ဂနွေ ထောင့်ရှိ နန်းဦး ဘုရားကြီး တန်ဆောင်း၌ ကျင်းပရာ ဆိပ်ကမ်းမြို့နယ် ဝါဆို ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တနန္ဒ ဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်များက မေတ္တသုတ် ပရိတ်များ ရွတ်ဖတ် ပူဇော်ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်များ၊ ဂေါပကအဖွဲ့ များက စေတီတော် မြတ်ကြီးအား လက်ယာရစ် တစ်ပတ် လှည့်လည် ပူဇော်ကြပြီး မဟာဗောဓိ မဂ္ဂင်မြိုင်ရှိ မဟာဗောဓိ ညောင်ပင်ကို ဆရာတော်များ၊ ပရိသတ်များက ညောင်ရေသွန်းလောင်း ပူဇော်ကြ သည်။

အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော် ပေါ်၌ တည်ထား ကိုးကွယ်သော လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ် (ကျောက်တော်ကြီး ဘုရား) ရင်ပြင်တော် ပေါ်ရှိ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင် စိုက်ပျိုးခဲ့သော ဒက္ခိဏသာခါ မဟာဗောဓိပင်အား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းပွဲကို နံနက်(၇)နာရီမှ စတင်ကာ ဂေါပကအဖွဲ့က ဦးဆောင်၍ ဘုရားဖူး လာပြည်သူများဖြင့် ကျင်းပသည်။

အလားတူ ဆူးလေ စေတီတော်၊ သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်၊ စွယ်တော်မြတ် စေတီတော် (ရန်ကုန်)၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတ ဆံတော်ရှင် ကျိုက်ဝိုင်း စေတီတော်မြတ်ကြီး၊ မိုးကောင်း စေတီတော်၊ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီး၊ မယ်လမု၊ ဥက္ကလာပ စေတီတော်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကျိုက္ကလို့၊ ကျိုက္ကလဲ့၊ သန်လျင်မြို့နယ်ရှိ ကျိုက်ခေါက် စေတီတော်၊ ကျောက်တန်း မြို့နယ်ရှိ ကျိုက်မှော်ဝန်း ရေလယ်ဘုရားနှင့် ခရမ်းမြို့ သွန်းဘုရားကြီး အပါအဝင် မြို့နယ် အသီး သီးရှိ ဘုရား၊ ပုထိုး၊ စေတီများ၌ ဗုဒ္ဓအခါတော်နေ့ အထိမ်းအမှတ် အဖြစ် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ အခမ်းအနားများ ကျင်းပကြပြီး မဟာဗောဓိ ညောင်ပင်များကို ညောင်ရေသွန်း လောင်းပူ ဇော်ကြသည်။

ယနေ့ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုးများရှိ ဗောဓိညောင်ပင်အား ဗုဒ္ဓဘာသာဝင်များ တစ်နေကုန် ညောင်ရေသွန်း လောင်းနိုင်ရန် အောင်သပြေ၊ အမွှေးနံ့သာများ ထည့်ထားသည့် တာအိုးများ၊ အမွှေးတိုင်၊ ဖယောင်းတိုင် များကို ဂေါပက အဖွဲ့များ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့များက စီစဉ် ဆောင်ရွက် ပေးလျက် ရှိခြင်းကြောင့် ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်သူများဖြင့် စည်ကား သိုက်မြိုက်လျက် ရှိသကဲ့သို့ တရား ဘာဝနာ ပွားများအား ထုတ်သူများ၊ ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်သူများ၊ အလှူဒါန ပြုကြသူများ၊ စတုဒိသာ ကျွေးမွေးကြသူများနှင့် ဘုရားဖူး ကြို/ပို့ယာဉ် အလှူတော် ကုသိုလ် ယူကြသူ များဖြင့် အထူးစည်ကား သိုက်မြိုက်လျက် ရှိကြောင်း တွေ့ရသည်။

မြ၀တီ

No comments:

Post a Comment