Wednesday 14 May 2014

နိုင်ငံတစ်ဝန်း သားဆက်ခြားပစ္စည်း လိုအပ်ချက် စစ်တမ်းကောက်မည်

မြန်မာနိုင်ငံတစ်ဝန်း မျိုးဆက်ပွား ကျန်းမာရေးလိုအပ်ချက်များပံ့ပိုးရန် သားဆက်ခြားပစ္စည်း သုံးစွဲမှု စစ်တမ်း ကို လာမည့် သြဂုတ်လမတိုင်မီ စတင်ကောက်ယူရန်ရှိကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Janet.Jackson က ပြောကြားသည်။

ယင်းစစ်တမ်းကောက်ယူရန် ကျန်းမာရေး ဝန်ကြီးဌာန၊ အမေရိကန် အခြေစိုက် John Snow Inc ကုမ္ပဏီနှင့် UNFPA တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ကနဦးအနေနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့ရှိ မြို့နယ် ၁၂ ခုတွင် စတင်အကောင်အထည် ဖော်သွား မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နိုင်ငံတစ်ဝန်း သားဆက်ခြားပစ္စည်း လိုအပ်ချက် စစ်တမ်းအတွက် နည်းပညာ သင်တန်းများကို ကျန်းမာရေး ဝန်ထမ်း ၄၀၀ ကျော်ထံ သင်ကြားပို့ချသွားရန် စီစဉ်ထားကြောင်း UNFPA က မေလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

“ဒီစစ်တမ်းက တကယ်လိုအပ်နေတဲ့ နေရာတွေ၊ လိုအပ်နေတဲ့ အချိန်တွေအတွက် အမှန်တကယ် အသုံးဝင်နိုင်တယ်” ဟု Ms. Janet Jackson က ပြောကြားသည်။

သားဆက်ခြားပစ္စည်း စစ်တမ်းကောက်ယူမှုကို ယခုနှစ်အတွင်း အပြီးသတ်နိုင်ပါက ကျန်းမာရေး ဝန်ကြီးဌာန နှင့် အလှူရှင်များ၏ ရေတို၊ ရေရှည် ထောက်ပံ့မှု စီမံကိန်းများအတွက် အထောက်အပံ့ ဖြစ်နိုင်ကြောင်း John Snow Inc ၏ ညွှန်ကြားရေးမှူးချုပ် Ms. Carmit Kaddem က ပြောဆိုသည်။

မြို့ပြနှင့် အလှမ်းဝေးသော နေရာဒေသနှင့် ကျေးလက်အချို့တွင် အမျိုးသမီးများ သားဆက်ခြားပစ္စည်း သုံးစွဲ ရန် အသိပညာ ဗဟုသုတ လိုအပ်ချက်များ ရှိနေသေးကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေးအပေါ် အသိပညာ အားနည်းချက်ကြောင့် မလိုလားအပ်သော သားပျက်သားလျှော ကိစ္စများ ဖြစ်ပေါ်ရကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက ဝေဖန်ကြသည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ သားဆက်ခြားပစ္စည်း သုံးစွဲမှုအပေါ် စစ်တမ်း ကောက်ယူမှုကို ၂၀၁၃ ခုနှစ် ကတည်းက စတင်စီစဉ်ထားသည်။

The Voice Weekly

No comments:

Post a Comment