Wednesday 14 May 2014

ရှမ်းနီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရန်ပုံငွေအတွက် အများပိုင်ကုမ္ပဏီ ရှယ်ယာများ စရောင်းမည်

ကုမ္ပဏီအမြတ် ၁၀ ရာခိုင်နှုန်းကို ရှမ်းနီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီရန်ပုံငွေ ထည့်သွင်းမည် ဆိုသည့် ရှမ်းနီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အနေနှင့် ရှယ်ယာများကို မေလ ၁၅ ရက်နေ့မှ စတင်ရောင်းချပေးမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ ဒါရိုက်တာ ဦးစံလွင်က ပြောကြားသည်။
အဆိုပါ ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းဖြင့် တစ်ဦးလျှင် ကျပ် ၁၅ သိန်းထိ အများဆုံး ရောင်းချပေး မည် ဖြစ်ပြီး အစုရှယ်ယာပေါင်း နှစ်သိန်းခွဲနီးပါးကို ပထမအကြိမ်အဖြစ် မေလ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့ထိ ရောင်းချပေးမည် ဖြစ်ကြောင်း၊ ရှယ်ယာများကို မြန်မာနိုင်ငံသား မည်သူမဆို ဝယ်ယူနိုင်ပြီး ရှမ်းနီများ ရှယ်ယာဝယ်ယူနိုင်ရေး ကျေးရွာများအရောက် ရှယ်ယာများ ရောင်းချမည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

“ရှယ်ယာဝယ်ဖို့ စိတ်ဝင်စားပါတယ်။ သူငယ်ချင်းတွေကိုလည်း ဝယ်ဖို့ တိုက်တွန်းထားတယ်” ဟု မန္တလေးမြို့တော် ရှိ ရှမ်းနီတိုင်းရင်းသူ ဒေါ်စန်းယုဝေက ဆိုသည်။

ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုမ္ပဏီကို တည်ထောင်ခြင်းဖြစ်ရာ ရလာသည့် အကျိုး အမြတ် ၁၀ ရာခိုင်နှုန်းကို ပါတီရန်ပုံငွေ ထည့်ဝင်မည် ဖြစ်သည့်အပြင် ၅ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုး တိုး တက်ရေး အတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း ရှမ်းနီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးစံလွင်က ထပ်လောင်းပြောကြားသည်။

အဆိုပါ ကုမ္ပဏီလီမိတက် အနေနှင့် ရှယ်ယာရောင်းချရမှုပေါ် မူတည်ကာ သီလဝါ ဆိပ်ကမ်းတွင် ရင်းနှီးမြှုပ်နှံ မည် ဖြစ်ပြီး ကနဦးအဖြစ် မန္တလေး-မြစ်ကြီးနား ခရီးစဉ် အထူးမော်တော်ယာဉ် များ ပြေးဆွဲခြ င်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။ 

အဆိုပါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာများကို မန္တလေး၊ မိုးညှင်း၊ ဟိုပင်၊ ဖားကန့်၊ မိုးကောင်း၊ မြစ်ကြီး နားမြို့များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment