Friday 23 May 2014

မူဆယ်-ငွေဆောင် မြန်နှုန်းမြင့် ဖိုက်ဘာအင်တာနက်လိုင်း သွယ်တန်းမှု ယခုလကုန်ပြီးစီးမည်

အင်တာနက် မြန်နှုန်းမြင့်လာရန် ရည်ရွယ်၍ တည်ဆောက်နေသည့် SE-ME-WE 5 အင်တာနက် ဆက်ကြောင်းသစ် မူဆယ်-မန္တလေး-ရန်ကုန်-ပုသိမ်-ငွေဆောင်မြန်နှုန်းမြင့် မြေအောက်ဖိုက်ဘာ အင်တာနက် စီမံ ကိန်းကို မေလကုန်တွင် အပြီးသတ်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ယခုသွယ်တန်းနေသည့် 48 Core အမျိုးအစား မြေအောက် အင်တာနက် ဖိုက်ဘာကေဘယ် သွယ် တန်းခြင်း လုပ်ငန်းကို Myanmar Fiber Optic Communication Network ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အပါအဝင် ဖိုက်ဘာလိုင်း သွယ်တန်းရာ ဒေသအချို့တွင် မတ်လအတွင်းက စတင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီစီမံကိန်း ပြီးသွားရင် ပြည်တွင်းပြည်ပ အဝေးဖုန်းခေါ်ဆိုမှုတွေ၊ အင်တာနက်တွေ ပိုမြန်လာမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မြေအောက် ဖိုက်ဘာကေဘယ် စီမံကိန်းကို ဇန်နဝါရီလကုန်ပိုင်းက တင်ဒါခေါ်ယူ၍ လုပ်ကိုင်စေ ခဲ့ခြင်း ဖြစ်ပြီး SE-ME-WE 5 မြန်နှုန်းမြင့် အင်တာနက် ဆက်ကြောင်း၏ ရေအောက် အင်တာနက် ဆက်ကြောင်းနှင့် ငွေဆောင်တွင် ချိတ်ဆက်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

“သူတို့လိုင်းတွေ ချနေတုန်းမှာတော့ တစ်ချက်တစ်ချက် လိုင်းတွေ ကျသွားတယ်။ ပြီးခဲ့တဲ့ ငါးရက်လောက်က အင်တာနက်လိုင်း ကျသွားတာ တော်တော်ကြာတယ်။ ဒီလုပ်ငန်း ပြီးသွားရင်တော့ အရင်ထက်လိုင်း ပိုကောင်းလာမယ်လို့ မျှော်လင့်တယ်” ဟု အဆိုပါလုပ်ငန်း လုပ်ဆောင်နေသည့် ရန်ကုန်-မန္တလေး အမှတ် (၂) အမြန်လမ်းအနီးမှ အင်တာနက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိ အသုံးပြုနေသည့် SE-ME-WE 3 အင်တာနက် ဆက်ကြောင်းသည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က သုံးစွဲနေသည်မှာ သက်တမ်း ၂၀ ကျော်လာပြီဖြစ်ပြီး ချို့ယွင်းမှုများ၊ မကြာခဏ ပြတ်တောက်မှုများ ကြုံတွေ့နေရသောကြောင့် လက်ရှိ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက သုံးစွဲနေသည့် SE-ME-WE 5 အင်တာနက် ဆက်ကြောင်းကို ချိတ်ဆက်နေခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment