Friday 23 May 2014

လယ်သမားများနှင့် ကျောင်းသားတစ်ဦး အရိုက်ခံရမှု ရဲတပ်ဖွဲ့ကို အရေးယူပေးရန် ဗကသ ဆန္ဒပြ

သဲကုန်းမြို့နယ် လယ်သမားများ ဆန္ဒပြပွဲ ဖြိုခွင်းမှုတွင် ဒေသခံသုံးဦးနှင့် တောင်ငူခရိုင်မှ ဗကသကျောင်း သား ကိုကောင်းထက်ကျော်တို့ကို ရိုက်နှက် ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် (ဗကသ)မှ ကျောင်းသား ၅၀ ခန့်သည် ခရိုင်မြို့ဖြစ် သည့် ပြည်မြို့တွင် မေလ ၂၂ ရက် က ဆန္ဒပြတောင်းဆို လိုက်သည်။ 

လယ်ယာမြေအသိမ်းခံထားရသည့် သဲကုန်းမြို့နယ်၊ အောင်ကုန်း ကျေးရွာတွင် လယ်ယာမြေပြန်လည် ရရှိရေး မေလ ၁၄ ရက်ဆန္ဒပြပွဲ၌ ဒေသခံလယ် သမားများဖြစ်သည့် ဒေါ်ညို၊ ဦးမောင်ဝင်း၊ ဒေါ်ခင်မာအေး အပါအ၀င် တောင်ငူခရိုင်မှ ဗကသ ကျောင်းသား ကောင်းထက်ကျော်ကိုရဲများက ရိုက် နှက်ဖမ်းဆီးခဲ့သည် ဟု ဒေသခံများ က ပြောသည်။ 

“အကြမ်းဖက် ဖမ်းဆီးရိုက်နှက်တဲ့ ရဲတပ်ဖွဲ့ကို အရေးယူပေးဖို့ ဒီမှာအာဏာပိုင်တွေကို ကြွေးကြော်ပြီး တိုင်နေတာဖြစ်တယ်” ဟု ဗကသ (ဗဟို)မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးရဲရင့်ဇော်က ပြောသည်။
ထို့အပြင် ကျောင်းသားများနှင့် ပြည်သူများ၏ ဆန္ဒသဘောထားမပါဘဲ ရေးဆွဲသည့်အတွက် အမျိုးသားပညာရေး ဥပဒေမူကြမ်းကိုလည်း ကျောင်းသားထုက လက်မခံဟုဆိုကာ ယင်းနေ့ ဆန္ဒပြပွဲတွင် ကန့်ကွက်ထားသည်။ 

မေလ ၁၄ ရက်က ဖမ်းဆီးထားသူများထဲမှ ဒေါ်ညိုနှင့် ဦးခင်မောင်ဝင်းကို ပေါင်းတည်ထောင်တွင် ပို့ဆောင်ထားပြီး ကိုကောင်းထက်ကျော်နှင့် ဒေါ်ခင်မာအေးသည် တိမ်းရှောင်နေသည်ဟု ဒေသခံများက ပြောသည်။
“ ဦးသိန်းစိန်ပြောတဲ့ဒီမိုကရေစီက လယ်သမားတွေကို ထောင်ထဲထည့်ပြီး ကျောင်းသားကို တုတ်နဲ့ရိုက်တဲ့ ဒီမိုကရေစီဖြစ်တယ်” ဟုလည်း ဆန္ဒဖော်ထုတ်သူတစ်ဦးက ဟောပြောခဲ့သည်။ 

မေလ ၂၂ ရက် နံနက်ပိုင်း ဆန္ဒထုတ်ဖော်ပွဲတွင် ဗကသကျောင်းသားများသည် ပြည်မြို့ဗိုလ်ချုပ်ကြေးရုပ် အနီး စုဝေးပြီး အာဇာနည်ခေါင်း ဆောင်ဗိုလ်ချုပ်အား အလေးပြုကာ စတင်ချီတက်ခဲ့သည်။ ယင်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်းမြောက်စောင်းတန်းလမ်း၊ စစ်ကဲလမ်း၊ ပန်းပဲတန်းလမ်း အတိုင်းခရိုင်အုပ်ချုပ်ရေးမှူးရုံး သို့လမ်း လျှောက် ချီတက်သည်။ 

ခရိုင်ရုံးရှေ့တွင် ဆယ့်ငါးမိနစ်ခန့်ကြွေးကြော်ဟောပြောခဲ့ပြီး ပန်းပဲတန်းလမ်း၊ စစ်ကဲလမ်း၊ လမ်းမတော်လမ်း ရုံးလမ်းနှင့် ကမ်းနားလမ်းအတိုင်းခရိုင် တရားရုံးရှေ့သို့ချီတက်ကာ ခရိုင်တရားရုံးရှေ့တွင် ဟောပြောပွဲ ပြုလုပ်ပြီး ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ရှေ့သို့ပြန် လည်ထွက်ခွာပြီး အာဇာနည် ဗိုလ်ချုပ်ကြေးရုပ်အား ထပ်မံ အလေးပြု ကာ ဆန္ဒဖော်ထုတ်မှုကို ရပ်နားလိုက်သည်။ 

ဆန္ဒဖော်ထုတ်သူများသည် သိမ်းဆည်းလယ်ယာမြေပြန်လည်ရရှိရေး၊ မတရားဖမ်းဆီးထားသော လယ် သမားများ ပြန်လည်လွတ်မြောက်ရေး၊ မတရား စွဲဆိုထားသောပုဒ်မများပြန်လည် ဖျက်သိမ်းရေး၊ မတရား အကြမ်းဖက်တဲ့ ရဲတပ်ဖွဲ့အားအရေးယူပေးရေးစသည့် ကြွေးကြော်သံများနှင့်အတူ “ကျောင်းသားပြည်သူ အခြေမခံတဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းအား ဆန့်ကျင်ကန့်ကွက်ကြ” စာသားပါ ပါပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်ကြသည်။ 

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ ၁၁၅၉ ဒသမ ၅၅ ဧကကို၂၀၀၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ်(၃)လက်ကား သမ၀ါယမအသင်းလီမိတက်အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးက ငါးကန် လုပ်ငန်းများလုပ်ကိုင်လျှက်ရှိသည်။ 

ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် တောင်သူများကသပိတ်စခန်း ဖွင့်ခြင်းကျိန်စာတိုက်ပွဲပြုလုပ်ခြင်း အခေါင်းမီးရှို့ပွဲပြုလုပ်ခြင်း ဆန္ဒပြဆုတောင်းပွဲပြုလုပ်ခြင်းများပြုလုပ်ခဲ့ပြီး ပုဒ်မ(၁၈)ဖြင့်လေးဦး၊ ကျိန်စာ တိုက်မှု ပုဒ်မ၅၀၅(ခ)ဖြင့်ငါးဦး ၊ ဆုတောင်း ဆန္ဒပြမှုပုဒ်မ ၅၀၅(ခ)ဖြင့် လေးဦး တရားဆွဲဆိုခံရကာ ကိုပေါက်စ၊ ကို မောင်ဝင်း၊ ဒေါ်ညိုတို့သုံးဦးဖမ်းဆီး ခံထားရသည်။ 

တောင်ငူခရိုင်မှ ဗကသ ကျောင်းသား ကိုကောင်းထက်ကျော်သည် ဆုတောင်း ဆန္ဒပြမှုတွင် ပါဝင်သဖြင့် ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားဆွဲဆိုခံခဲ့ရပြီးနောက် တစ်နိုင်ငံလုံးရှိဗကသကျောင်း သားများသည် ဆန္ဒပြလယ် သမားများ နှင့်လာရောက်ပူးပေါင်းခြင်း ဖြစ်သည်။

လယ်သမားများကို တရားရုံးချိန်းသည့် မေ၂၀ ရက်တွင်လည်း ဗကသ ကျောင်းသားများနှင့် လယ်သမား များစု ပေါင်းကာ သဲကုန်းမြို့တွင်လမ်းလျှောက် ဆန္ဒပြခဲ့ပြီး မေ ၂၁ ရက်တွင် တရားရုံး ရှေ့ လမ်းမပေါ်၌ ငြိမ်း ချမ်းစွာစုဝေးခြင်းများ ပြုလုပ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment