Friday 23 May 2014

မုန်တိုင်းသတိပေးချက်


၂၀၁၄ ခုနှစ်၊ မေလ(၂၃)ရက်နေ့ မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် ထုတ်ပြန်ချက်

ယနေ့ မြန်မာစံတော်ချိန် (၀၆း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ မြန်မာနိုင်ငံ၊ ဂွမြို့၏ အနောက် ဘက်မိုင်(၁၅၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် (၁၆၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်ဘက်မိုင်(၂၉၀)ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ အဆိုပါမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသော်လည်း ရခိုင် ကမ်းရိုးတန်းနှင့် အလွန်နီးကပ်နေပါသဖြင့် လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးနိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေ ယာဉ် များ၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရန်အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

No comments:

Post a Comment